လိဒ်ယူနိုက်တက် ကြယ်ပွင့်ကစားသမားဟောင်း ဂျိုဆူအာ ဂီလာဗိုဂီ ဘောလုံးလောကမှ အနားယူကြောင်း ကြေညာ
အသက် ၃၅ နှစ်အရွယ် ဂျိုဆူအာ ဂီလာဗိုဂီဟာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ အတည်ပြု ကြေညာလိုက်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်း ဂီလာဗိုဂီဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေချိန်မှာ လိဒ်ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာရောက်ပူးပေါင်းခဲ့သူ ဖြစ်ပါတယ်။
သူဟာ အသင်းအတွက် ၁၈ ပွဲ ကစားပေးခဲ့ပြီး အများစုမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပေမဲ့ ပရိသတ်တွေနဲ့ အသင်းဖော်တွေကြားမှာ လူချစ်လူခင်ပေါများတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဂီလာဗိုဂီဟာ လိဒ်ယူနိုက်တက်အသင်း ချန်ပီယံရှစ်ဖလား ရရှိအောင် ကူညီပေးခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားခဲ့တာပါ။ သူဟာ ၂၀၂၅-၂၆ ရာသီမှာတော့ အသင်းလက်မဲ့ကစားသမားအဖြစ်နဲ့ပဲ သူ့ရဲ့ နောက်ဆုံးဘောလုံးရာသီကို ဖြတ်သန်းခဲ့ပါတယ်။
"ချစ်လှစွာသော ဘောလုံးလောကကြီးရေ၊ မင်းက တောင်းဆိုတာတွေ များခဲ့ပေမဲ့ ပြန်ပေးတာတွေက ပိုပြီးတော့တောင် များခဲ့ပါတယ်။ ငါ့အဖေရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ မင်းက အခွင့်အရေးပေးခဲ့တယ်၊ အဲဒီအိပ်မက်ဟာ နောက်ပိုင်းမှာ ငါ့ရဲ့ အိပ်မက်ဖြစ်လာခဲ့သလို သန်းပေါင်းများစွာသော ကလေးငယ်တွေရဲ့ နှလုံးသားနဲ့ မျက်လုံးတွေကိုလည်း လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မင်းက ငါ့ကို ရွေးချယ်ခဲ့တယ်" လို့ သူက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
"ငါ့ထက် ပိုတော်တဲ့သူတွေကို မေ့သွားသလိုမျိုး မင်း ငါ့ကိုလည်း ကျိန်းသေပေါက် မေ့သွားမှာပါ၊ ဒါပေမဲ့ သူတို့လိုပဲ ငါကတော့ မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။"
"အခုဆိုရင်တော့ လူပြောများတဲ့ စာကြောင်းလေးတစ်ကြောင်းကို ရေးရမယ့်အချိန် ရောက်လာပါပြီ။ ကျွန်တော် ဘောလုံးကန်ဖိနပ်ကို ချိတ်ဆွဲ (အနားယူ) လိုက်ပါပြီ။ စာမျက်နှာအသစ် တစ်ခုကို ကူးပြောင်းတော့မှာဖြစ်ပေမဲ့ စာအုပ်ကြီးကတော့ ဆက်ရှိနေဦးမှာပါ။ 'အရာအားလုံး ပြီးဆုံးသွားပြီဆိုပြီး မငိုပါနဲ့၊ ဖြစ်ပျက်ခဲ့တာတွေအတွက် ပြုံးပျော်နေလိုက်ပါ' ဆိုသလိုပါပဲ။ ကျေးဇူးပါ ဘောလုံးလောကကြီး" လို့ ၎င်းက နိဂုံးချုပ် ဖော်ပြခဲ့ပါတယ်။