ယူရိုပါလိဂ်အောင်ပွဲအပြီး နည်းပြအူနိုင်းအမ်မရီကို ချီးကျူးစကားပြောဆိုလိုက်တဲ့ တိုက်စစ်မှူးဝက်ကင်စ်
ဒီနေ့မနက်ပိုင်း၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာက ဖရိုင်းဘတ်ကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ယူပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ် အဓိကမေဂျာဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါ ၂၀၂၂ ခုနှစ်မှာ အသင်းကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြအူနိုင်းအမ်မရီအတွက် အက်စတွန်ဗီလာနဲ့အတူ ပထမဆုံးရရှိတဲ့ဆုဖလားဖြစ်သလို သူ့ရဲ့နည်းပြဘဝသက်တမ်းတစ်လျှောက် ပဉ္စမမြောက်ယူရိုပါလိဂ်အောင်ပွဲလည်း ဖြစ်ပါတယ်။ အတိတ်မှာ စပိန်လူမျိုးနည်းပြက ယူရိုပါလိဂ်ချန်ပီယံဆုကို ဆီဗီလာနဲ့ သုံးကြိမ်၊ ဗီလာရီးရဲလ်နဲ့ တစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။
ပွဲစဉ်အပြီး TNT Sports နဲ့ အင်တာဗျူးမှာ ဝက်ကင်းစ်က ဖော်ပြလို့မရနိုင်လောက်အောင် ခံစားနေရတယ်လို့ ပြောကြားလိုက်ပြီး နည်းပြအူနိုင်းအမ်မရီကို အမွှမ်းတင်ချီးကျူးခဲ့ပါတယ်။
"တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ ဒီလိုမျိုးကစားပြနိုင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့သလို နောက်ဆုံးမှာတော့ ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်" လို့ ဝက်ကင်စ်က ဆိုပါတယ်။
အက်စတွန်ဗီလာရဲ့သွင်းဂိုးတွေနဲ့ပတ်သက်လို့ သူက "ကျွန်တော် ဗိုလ်လုပွဲတွေ အများကြီး ကြည့်ဖူးပါတယ်။ တည်ကန်ဘောတွေဆိုတာ တကယ်ကို အရေးပါပါတယ်။ ဂိုးမရခင်အထိ ပွဲက နည်းနည်း တင်းမာနေပြီး သူတို့က ကျွန်တော်တို့ကို လူကပ်ပြီး ကစားနေခဲ့ပါတယ်။ ထောင့်ကန်ဘောရချိန်တိုင်းမှာ ကစားသမားလေးဦးလောက်အထိ တိုက်စစ်ဇုန်မှာရှိနေစေတဲ့ တည်ကန်ဘောနည်းပြအော်စတင်မာဖီရဲ့သတ္တိကိုလည်း ချီးကျူးရပါမယ်။ မယုံကြည်နိုင်စရာ အတွေ့အကြုံမျိုး ဖြစ်ပါတယ်။ ကြည့်လိုက်ပါ၊ ဒါက လူတိုင်း အိပ်မက်နေကြတဲ့ အရာမျိုးပါပဲ" လို့ သူက ဆက်ပြောပါတယ်။
ဆုဖလားရရှိမှုရဲ့အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး "တစ်ခါတလေမှာ အတက်အကျတွေ ရှိတတ်ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရခဲ့ပါပြီ။ ဒါ တကယ်ကို ထူးခြားပါတယ်။ ပရိသတ်အားလုံးအတွက် ခံစားချက်ကတော့ ဖော်ပြလို့တောင် မရနိုင်အောင်ပါပဲ" လို့လည်း ဆိုပါတယ်။
နည်းပြ အမ်မရီနဲ့ ပတ်သက်ပြီးတော့လည်း ဝက်ကင်စ်က "ပွဲအတွက် ပြင်ဆင်နေချိန်မှာ နည်းပြက တကယ်ကို တည်ငြိမ်နေပါတယ်။ လိဂ်ပွဲစဉ်တွေမှာဆိုရင်တော့ နိုင်ချင်စိတ် ပြင်းပြလွန်းလို့ သူ စိုးရိမ်ပူပန်နေတာမျိုးတွေ ရှိတတ်ပေမဲ့ ဒီနေ့မှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေပြီး ကျွန်တော်တို့ ကစားသမားတွေအတွက် စံနမူနာ ဖြစ်စေခဲ့ပါတယ်။ တိုင်လီမန်းစ်က ကွင်းလယ်ကို စိတ်ကြိုက်ထိန်းကျောင်းသွားနိုင်သလို လင်ဒီလော့ဖ်ကလည်း အသင်းကို ရောက်လာကတည်းက အကောင်းဆုံးကစားပြနေခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်အတွက် သူက ကျွန်တော့်ရဲ့ အကောင်းဆုံးကစားသမားပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။