ဖရိုင်းဘတ်ကို အနိုင်ယူကာ ယူရိုပါလိဂ်ဘုရင်ကြီးဆိုတာ ထပ်မံသက်သေပြခဲ့တဲ့ အူနိုင်းအမ်မရီ
ဖရိုင်းဘတ် ဝ-၃ အက်စတွန်ဗီလာ (ပွဲပြီးရလဒ်)
ယူရိုပါလိဂ်ဆုဖလားကြီးနဲ့ လက်ရှိအက်စတွန်ဗီလာနည်းပြကြီးအူနိုင်းအမ်မရီတို့ ကံစပ်ပုံကတော့ ဘောလုံးလောကအတွက် တကယ့်ကိုအံ့မခန်းပြဇာတ်တစ်ပုဒ်လို ဖြစ်နေပါတယ်။ ဒီနေ့၊ အစ္စတန်ဘူလ်ဖိုင်နယ်မှာလည်း အူနိုင်းအမ်မရီဦးဆောင်လာတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းက ပြိုင်ဘက်ဘွန်ဒက်စ်လီဂါကလပ်အသင်းကို အပြတ်အသတ်အသာစီးရယူကာ ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်။ အက်စတွန်ဗီလာအတွက် အနိုင်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်အတွင်း တိုင်လီမန်းစ်နဲ့ ဘူအမ်ဒီယာ၊ ဒုတိယပိုင်းပွဲချိန်အတွင်း ရိုဂျာစ်တို့က သွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အက်စတွန်ဗီလာက အက်စတွန်ဗီလာက ၁၉၉၆ ခုနှစ်၊ လိဂ်ဖလားအောင်မြင်မှုအပြီး ပထမဆုံးမေဂျာဆုဖလားနဲ့ ၁၉၈၂ ခုနှစ်၊ ဥရောပဖလားအောင်မြင်မှုနောက်ပိုင်း ပထမဆုံးဥရောပအဆင့်အောင်မြင်မှုရယူနိုင်ခဲ့သလို အူနိုင်းအမ်မရီကိုယ်တိုင်လည်း နည်းပြသက်တမ်းတလျှောက် ပဉ္စမမြောက်ယူရိုပါလိဂ်ချန်ပီယံဘွဲ့တံဆပ်ကို လက်ခံရရှိခဲ့ပါတယ်။