The network connection is lost.

Banner Image

အမေရိကန်ကွင်းလယ်လူကို ရောင်းထုတ်ဖို့ လိုင်ယွန် အဆင်သင့်ဖြစ်နေ

အမေရိကန်လက်ရွေးစင်ကွင်းလယ်လူ တန်နာ တက်စမန်းကို အင်္ဂလန်နဲ့ အီတလီက ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ လိုင်ယွန်အသင်းဘက်ကလည်း ဒီနွေရာသီမှာ သူ့အတွက် ယူရို ၂၀ သန်းကနေ ၂၅ သန်းကြား ကမ်းလှမ်းမှုတွေရလာရင် ရောင်းထုတ်ဖို့ စဉ်းစားသွားမယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တက်စမန်းဟာ ၂၀၂၄ ခုနှစ်က ဗင်နီဇီးယားအသင်းကနေ လိုင်ယွန်ကို ရောက်ရှိလာခဲ့ပြီးကတည်းက ခြေစွမ်းပြနိုင်ခဲ့သူပါ။ သူဟာ လာမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အမေရိကန်အသင်းအတွက် အရေးပါတဲ့နေရာကနေ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို လိုင်ယွန်ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းကသာ အပြောင်းအရွှေ့ဖြစ်ခဲ့ရင် တက်စမန်းဟာ သူ့ရဲ့ အသင်းဖော် အမေရိကန်ကွင်းလယ်လူ ဂျွန်နီ ကာဒိုဆိုနဲ့ ပြန်လည်ဆုံစည်းခွင့် ရမှာဖြစ်ပါတယ်။

ဒီကွင်းလယ်လူဟာ လိုင်ယွန်အသင်းမှာ ကစားခဲ့တဲ့တစ်လျှောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၇၆ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။ ဒီရာသီမှာတင် ယူရိုပါလိဂ်ပွဲစဉ်တွေအပါအဝင် စုစုပေါင်း ၄၁ ပွဲအထိ ကစားပေးထားနိုင်တာပါ။

နည်းပြ ပေါ်လို ဖွန်ဆီကာရဲ့ လိုင်ယွန်အသင်းဟာ ဒီရာသီမှာ လီဂူးဝမ်း အဆင့် ၄ ရရှိခဲ့ပြီး ချန်ပီယံလိဂ် ခြေစစ်ပွဲဝင်ခွင့် ရရှိအောင် ကြိုးစားခဲ့ရာမှာ တက်စမန်းကလည်း ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

လတ်တလောမှာတော့ သူဟာ ကြွက်သားဒဏ်ရာ အနည်းငယ် ရရှိထားပေမဲ့ ဒီဒဏ်ရာက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားမယ့်အပေါ် သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။