The network connection is lost.

Banner Image

အစွမ်းကုန်ကြိုးစားခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသင့်ဖြစ်နေပြီလို့ နေမာ အခိုင်အမာပြောဆို

ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားနေမာက ပြင်းထန်တဲ့ဒဏ်ရာတွေမှ ပြန်လည်သက်သာလာဖို့ ကြိုးစားနေချိန်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအမြစ်မရှိဝေဖန်မှုတွေကို အောင့်အီးသည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ကြံ့ခိုင်မှုအပြည့်အဝရှိနေသလို အန်ဆယ်လော့တီရဲ့လူစာရင်းမှာ ပါဝင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီလို့လည်း ကျေနပ်အားရမှုအပြည့်နဲ့ ပြော‌ကြားခဲ့ပါတယ်။

ဆန်းတို့စ်တိုက်စစ်မှူးက ဒူးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် တစ်နှစ်ကြာအနားယူခဲ့ရပြီး ၂၀၂၃ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဘရာဇီးနည်းပြအန်ဆယ်လော့တီကလည်း နေမာကို ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ချင်ရင် ကြံ့ခိုင်မှုအပြည့်အဝရှိပြီး ခြေစွမ်းပြနိုင်ဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

ကိုရီသီဘာအသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဆန်းတို့စ်အသင်းရဲ့တနင်္ဂနွေနေ့ပွဲစဉ်အပြီး နေမာက "ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော် အရမ်းကောင်းပါတယ်။ ပွဲတိုင်းမှာလည်း ပိုပြီး တိုးတက်လာတယ်လို့ ခံစားရတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါ မလွယ်ကူခဲ့ဘူးဆိုတာကိုလည်း ဝန်ခံပါတယ်။ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားအားထုတ်ခဲ့ရသလို ကျွန်တော့်အခြေအနေနဲ့ပတ်သက်ပြီး အခြေအမြစ်မရှိ ပြောဆိုဝေဖန်တာတွေလည်း အများကြီးရှိခဲ့ပါတယ်။ လူတွေ အဲဒီလိုပြောကြလို့ တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်ကတော့ အိမ်မှာပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြိုးစားခဲ့ပါတယ်၊ လူတွေပြောတာတွေကို ကြားရတဲ့အခါ စိတ်ဆင်းရဲရပေမဲ့ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ ကျွန်တော် ရောက်ချင်တဲ့ ပန်းတိုင်ကို အကောင်းပကတိအတိုင်း ရောက်ရှိခဲ့ပါပြီ။ အခုအချိန်အထိ ကျွန်တော့်ရဲ့စွမ်းဆောင်ရည်တွေနဲ့ လုပ်ဆောင်ခဲ့သမျှအပေါ် ကျေနပ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အန်ဆယ်လော့တီကတော့ ဒီတိုက်ပွဲအတွက် အကောင်းဆုံး ကစားသမား ၂၆ ဦးကို သေချာပေါက် ရွေးချယ်သွားပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်အတွင်း နေမာက အမှားအယွင်းတစ်ခုကြောင့် လူစားလဲခံရမှုအပေါ် ဒေါသတကြီး ကန့်ကွက်ခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ်နေမာအတွက် အန်ဆယ်လော့တီရဲ့ကမ္ဘာ့ဖလားလူစာရင်းထွက်ပေါ်လာမယ့် တနင်္လာနေ့မတိုင်ခင် အခုလိုအမှားအယွင်းကြုံတွေ့ရတယ်ဆိုတာ အတော်လေး စိတ်မကောင်းစရာပါ။

သူတို့အတွက် စံချိန်တင်ခြောက်ကြိမ်မြောက်ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေတဲ့ ဘရာဇီးအသင်းက ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ မြောက်အမေရိကမှာကျင်းပမယ့် ပြိုင်ပွဲကြီးရဲ့ အုပ်စု (C) မှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နဲ့အတူ ကျရောက်နေပါတယ်။