ဂျာမနီကြယ်ပွင့်အယ်လ်မာလကို ခေါ်ယူဖို့ ဘရိုက်တန်၊ ချဲလ်ဆီးတို့နဲ့အပြိုင် ကြိုးပမ်းလာတဲ့ ဘရန့်ဖို့ဒ်
ဂျာမနီလူငယ်ကြယ်ပွင့်အယ်လ်မာလကို ခေါ်ယူဖို့အတွက် ဘရိုက်တန်နဲ့ ချဲလ်ဆီးတို့အပြင် ဘရန့်ဖို့ဒ်အသင်းလည်း စိတ်ဝင်စားလာတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်အယ်လ်မာလက ကိုလုံးအသင်းအတွက် ၃၆ ပွဲ ကစား၊ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ကာ အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
ဒီတောင်ပံကစားသမားရဲ့ခြေစွမ်းက ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့အာရုံစိုက်မှုကို ရရှိစေခဲ့ပြီး ကိုလုံးအသင်းကတော့ သူ့ကို ယူရို သန်း ၅၀ ဝန်းကျင်ဖြင့် ရောင်းချဖို့ မျှော်လင့်နေပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရ လက်ရှိမှာ အခြေအနေကောင်းနေတဲ့ ဘရန့်ဖို့ဒ်ကလည်း လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အယ်လ်မာလကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာတယ်လို့ သိရပါတယ်။
ဒါက အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိနိုင်မယ့် လမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ဘရန့်ဖို့ဒ်ရဲ့ ကြီးမားလှတဲ့ ရည်မှန်းချက်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။