ချဲလ်ဆီးအသင်းနှင့် အလွန်ဆိုတို့ မူအားဖြင့် သဘောတူညီမှု ရရှိ
ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ နည်းပြ ရှာဘီအလွန်ဆိုနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ (မေလ ၁၆ ရက်) က ကစားခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ဥရောပဝင်ခွင့်ရဖို့ မသေချာတော့တဲ့ အနေအထား ဖြစ်သွားပါတယ်။
လီယမ် ရိုဆင်နီယာကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ စမ်းသပ်မှုဟာ ဆိုးရွားတဲ့ရလဒ်တွေနဲ့အတူ ပရီမီယာလိဂ် အမှတ်ပေးဇယား အောက်ပိုင်းကို ရောက်သွားစေခဲ့ပြီး အသင်းပိုင်ရှင်တွေကတော့ အခြေအနေတွေကို ပြန်လည်သုံးသပ်သွားမယ်လို့ ကတိပေးထားပါတယ်။
ရိုဆင်နီယာရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေရာမှာတော့ ချဲလ်ဆီးအသင်းဟာ အသက် ၄၄ နှစ်အရွယ် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း အလွန်ဆိုကို ရွေးချယ်လိုက်ပုံ ရပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာ နှစ်ဖက်ဆွေးနွေးမှုတွေ ပိုမိုမြန်ဆန်လာလိမ့်မယ်လို့ သတင်းအများအပြားမှာ ဖော်ပြနေကြပါတယ်။
သတင်းထောက် ဖာဘရိုက်စ် ဟော့ကင်းစ်ရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ စပိန်လူမျိုးနည်းပြ အလွန်ဆိုနဲ့ မူအားဖြင့် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။
အလွန်ဆိုဟာ လန်ဒန်ကလပ် ချဲလ်ဆီးနဲ့ ရေရှည်စာချုပ် ချုပ်ဆိုမှာဖြစ်သလို အရင်နည်းပြတွေထက်လည်း အသင်းရဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ ပိုမိုလုပ်ပိုင်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။