The network connection is lost.

Banner Image

အလွန်ဆိုထက် အီရာအိုလာ အသာစီးရရှိနေတဲ့အချက်ကို ဘင်နီတက်ဇ် ထောက်ပြ

လီဗာပူးနဲ့ ချဲလ်ဆီးအသင်းတို့က ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ရာသီသစ်ကို နည်းပြသစ်ကိုယ်စီနဲ့အတူ စတင်သွားကြပါတော့မယ်။ လီဗာပူးမှာ အန်းစလော့ရဲ့နေရာကို အန်ဒိုနီအီရာအိုလာ အစားထိုးဝင်ရောက်လာသလို ဇာဘီအလွန်ဆိုကလည်း လန်ဒန်ကလပ်ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

အီရာအိုလာက ဘုန်းမောက်အသင်းမှာ သုံးရာသီကြာ အောင်အောင်မြင်မြင်ဖြတ်သန်းခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ  အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အလွန်ဆိုကတော့ ရီးရဲလ်မက်ဒရစ်မှာ ကံမကောင်းလှတဲ့ အချိန်တွေကို ဖြတ်သန်းပြီးနောက် အင်္ဂလန်ဘောလုံးလောကဆီ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကလပ်အသင်းနှစ်ခုလုံးရဲ့အကြောင်း ကောင်းကောင်းသိသလို စပိန်သားနည်းပြတစ်ဦးအတွက် နားလည်ထားသူကတော့ ရာဖေးလ်ဘင်နီတက်ဇ်ပဲ ဖြစ်ပါတယ်။ သူက ၂၀၀၅ ခုနှစ်မှာ လီဗာပူးကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သလို ၂၀၁၃ ခုနှစ်မှာလည်း ချဲလ်လ်ဆီးနဲ့အတူ ယူရိုပါလိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဝါရင့်နည်းပြကြီး ဘင်နီတက်ဇ်က အီရာအိုလာရော၊ အလွန်ဆိုပါ လာမယ့်လတွေမှာ အစွမ်းပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပေမဲ့ အီရာအိုလာအတွက် နိုင်ငံတူနည်းပြထက် ပိုသာတဲ့ အချက်တစ်ခု ရှိနေတယ်လို့ ယူဆနေပါတယ်။

"အီရာအိုလာက ဘုန်းမောက်မှာ တကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ဗယ်လီကာနိုမှာ ရှိချိန်ကတည်းက ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့ပြီး သဘောကျခဲ့တာပါ။ အခုတော့ လီဗာပူးမှာ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်သွားရပါလိမ့်မယ်" လို့ ဘင်နီတက်ဇ်က Sky Sports ဆီ ပြောပါတယ်။

"လီဗာပူးက အသင်းကြီးပါ။ ဒါပေမဲ့ သူက ဒီလိဂ်အကြောင်းကို နည်းပြတစ်ဦးအဖြစ် ကောင်းကောင်းသိထားလို့ သူ့အတွက် အားသာချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အခြားအရပ်မှ ပရီးမီးယားလိဂ်ရောက်ရှိလာတယ်ဆိုရင်တော့ မလွယ်ကူပါဘူး"

"ဇာဘီကလည်း တကယ့်ကို ထက်မြက်တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။ လေဗာကူဆင်မှာ သူလုပ်ပြခဲ့တဲ့အရာတွေက တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ရတယ်ဆိုတာ တော်တော်လေးခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံအရ သိထားပါတယ်။ သူက ကစားသမားဘဝမှာ ပရီးမီးယားလိဂ်အတွေ့အကြုံ ရှိခဲ့ပေမဲ့ နည်းပြတစ်ဦးအဖြစ်တော့ ဒါက အင်္ဂလန်မှာ ပထမဆုံးအတွေ့အကြုံ ဖြစ်ပါလိမ့်မယ်"

"ဒါက စိန်ခေါ်မှုတစ်ခုဆိုပေမဲ့ သူကတော့ ဒါကို ကောင်းကောင်းလုပ်နိုင်မယ့် အရည်အချင်းရှိပါတယ်" လို့ ဘင်နီတက်ဇ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။