The network connection is lost.

Banner Image

ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးလာတဲ့ မစ်ဒယ်ဘရော့နည်းပြဟဲလ်ဘာ့ဂ်

မစ်ဒယ်ဘရော့နည်းပြကင်မ်ဟဲလ်ဘာ့ဂ်က ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အခုထက်ပိုကောင်းအောင် သူ့ရဲ့အသင်း လုပ်နိုင်ခဲ့သင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ 

အခုပွဲစဉ်မှာ ဆောက်သမ်တန်က လူငယ်ကွင်းလယ်ကစားသမားရှီးချားလ်စ်ရဲ့ ပွဲချိန် ၁၁၆ မိနစ်၊ အနိုင်ဂိုးသွင်းယူမှုနဲ့အတူ ဟားလ်စီးတီးနဲ့ရင်ဆိုင်ရမယ့် ဝင်ဘာလေကွင်းပလေးအော့ဖ်ဗိုလ်လုပွဲဆီ တက်လှမ်းသွားခဲ့ပါတယ်။

တကယ်တော့ ပွဲချိန်အစောပိုင်းမှာ ဦးဆောင်နိုင်ခဲ့သူက မစ်ဒယ်ဘရော့ဖြစ်ပြီး အဲဒီလို ဦးဆောင်နိုင်ခဲ့မှုနဲ့ ထိုက်တန်တဲ့ကစားဟန်မျိုး ရှိခဲ့တယ်လို့ နည်းပြ ဟဲလ်ဘာ့ဂ်က ယုံကြည်နေပါတယ်။ 

Sky Sports နဲ့အင်တာဗျူးမှာ သူက "ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျွန်တော် တကယ်ကို ဂုဏ်ယူပါတယ်။ ပွဲကတော့ တော်တော်လေးခက်ခဲခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကစားကွက် စီးဆင်းမှုကောင်းသလို ဒုတိယဂိုးရဖို့ အခွင့်အရေးတချို့လည်း ရခဲ့ပါသေးတယ်၊ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ပြစ်ဒဏ်ဘောမှတဆင့် ပြိုင်ဘက်အတွက် ချေပဂိုး ပြန်လည်သွင်းယူသွားပါတယ်"

"လူတိုင်းကတော့ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ အသင်းတစ်ခု၊ ကစားသမားအင်အားတောင့်တင်းတဲ့ အသင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့ပရိသတ်တွေရှေ့မှာ ဒီလိုမျိုး ပထမပိုင်းကို လွှမ်းမိုးကစားနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို အထင်ကြီးစရာကောင်းပါတယ်။ ကျွန်တော်တို့ ဖိအားပေးနိုင်ခဲ့ပေမဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေး အများကြီးတော့မဖန်တီးနိုင်ခဲ့ဘူး။ ဘောလုံးလောကဆိုတာ တစ်ခါတလေ ဒီလိုပါပဲ၊ အသေးအဖွဲအပြောင်းအလဲလေးတွေကပဲ ရလဒ်ကို အဆုံးအဖြတ်ပေးသွားတာပါ။ ပထမပိုင်းကစားပုံကို ခြုံငုံကြည့်ရင် ကျွန်တော်တို့ အတော်လေးကောင်းမွန်ခဲ့ပြီး ဦးဆောင်ခွင့်နဲ့လည်း ထိုက်တန်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ 

အသင်းနဲ့ပတ်သက်လို့ စပိုင်လုပ်စုံစမ်းမှုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး EFL ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်စစ်ဆေးနေတဲ့ ရလဒ်ကို စောင့်ဆိုင်းနေချိန် လေ့ကျင့်ရေးတွေ ဆက်လုပ်သွားမလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ "ပွဲနိုင်ခဲ့ရင် ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ် ကျွန်တော်တို့မှာ ရှိခဲ့ပေမဲ့ အခုတော့ မနိုင်ခဲ့ဘူးဆိုတော့ ကျွန်တော် စိတ်ပျက်မိပါတယ်။ အနိုင်ရသွားတဲ့ ဆောက်သမ်တန်အသင်းသားတွေနဲ့ ပရိသတ်တွေကိုတော့ ဂုဏ်ပြုပါတယ်" လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။