The network connection is lost.

Banner Image

ပီအက်စ်ဂျီအသင်းကို အင်အားတောင့်တင်းစေခဲ့တဲ့ လူးဝစ်အင်းနရစ်ရဲ့ နည်းလမ်းတွေအကြောင်း ဒေးဗစ်ဘက်ခမ်း ဖွင့်ဟ

လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ အကြိတ်အနယ် ကစားခဲ့ပြီးနောက် နှစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ကစားသမားဟောင်းဖြစ်သူ ဘောလုံးဂန္ထဝင် ဒေးဗစ်ဘက်ခမ်းကတော့ အသင်းကို အခုလို အောင်မြင်တဲ့အသင်း ဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြချုပ် လူးဝစ်အင်းနရစ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်အလက်တချို့ကို ပြောပြခဲ့ပါတယ်။

ပီအက်စ်ဂျီက ဘိုင်ယန်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး Paramount+ ရဲ့ စတူဒီယိုအစီအစဉ်မှာ ဘက်ခမ်းက လူးဝစ်အင်းနရစ် တည်ဆောက်ထားတဲ့ လူငယ်အသင်းရဲ့ စည်းလုံးမှုကို ချီးကျူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စပိန်လူမျိုးနည်းပြရဲ့ အလုပ်အပေါ် စိတ်နှစ်ထားပုံကို ပရိသတ်တွေသိအောင် အခုလို ပြောပြခဲ့ပါတယ်။

"ကျွန်တော် ပီအက်စ်ဂျီဥက္ကဋ္ဌ နာဆာ အယ်လ်ခလိုင်ဖီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူပြောပြတာကတော့ လူးဝစ်အင်းနရစ်ဟာ ပထမဆုံးနှစ်မှာဆိုရင် လေ့ကျင့်ရေးကွင်းထဲမှာပဲ ညတိုင်းလိုလို အိပ်ခဲ့တယ်လို့ ဆိုပါတယ်" လို့ ဘက်ခမ်းက ဖွင့်ဟခဲ့ပါတယ်။

"အသင်းကို ဘယ်လိုပုံစံဖြစ်စေချင်တယ်၊ ဘယ်လိုမျိုး ကစားစေချင်တယ်၊ ဘယ်ကစားသမားတွေကို သုံးမယ်နဲ့ အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာတွေကို သူက အချိန်ပြည့် စဉ်းစားလုပ်ဆောင်နေခဲ့တာပါ" လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် တခြားဘယ်နည်းပြဆီမှာမှ အခုလိုမျိုး အလုပ်အပေါ် အလေးထားမှုကို မတွေ့ဖူးဘူးလို့ ဥက္ကဋ္ဌဖြစ်သူက ပြောပြခဲ့ကြောင်းလည်း ဘက်ခမ်းက ဆက်ပြောပါတယ်။ "ကစားသမားအားလုံးကို တန်းတူညီမျှတဲ့ အခြေအနေမှာ ရှိစေချင်ပြီး အားလုံးက ရည်မှန်းချက်တစ်ခုတည်းကိုပဲ လိုလားစေချင်တာပါ။ သူက လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးနေသလို မနားတမ်း ပြေးလွှားကစားနိုင်မယ့်သူတွေကိုလည်း လိုချင်ခဲ့တာပါ။ အခုဆိုရင် သူလိုချင်တဲ့အတိုင်း ရနေပါပြီ၊ ဒါဟာ သူကိုယ်တိုင် တည်ဆောက်ထားတာပါ" လို့ ဆိုပါတယ်။

ဒီရာသီ လီဂူးဝမ်း အမှတ်ပေးဇယားမှာလည်း ပီအက်စ်ဂျီက ဒုတိယနေရာက လန်းစ်အသင်းကို ၆ မှတ်ဖြတ်ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ဒါ့အပြင် လာမယ့် မေလ ၃၀ ရက်နေ့မှာတော့ ဘူဒါပက်စ်မြို့မှာ အာဆင်နယ်အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်လို့ ချန်ပီယံလိဂ်ဖလားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။