The network connection is lost.

Banner Image

အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုလိုက်ပြီး ယူနိုက်တက်ကို ထာဝစဉ် ကျေးဇူးတင်နေမှာပါ လို့ ဆိုလာတဲ့ ကတ်စ်မဲရိုး

ဘရာဇီးလ်ကွင်းလယ်လူ ကတ်စ်မဲရိုးက ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

ပရိသတ်တွေက သူ့ကို ဆက်နေဖို့ တောင်းဆိုနေကြပေမဲ့လည်း အသက် ၃၄ နှစ်အရွယ် ကစားသမားကတော့ သူ့ရဲ့ယူနိုက်တက်သက်တမ်းဟာ "ကုန်ဆုံးသွားပြီ" ဖြစ်သလို စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ယူရို ၇၀.၆၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့သူဟာ ယူနိုက်တက်အတွက် ၁၅၉ ပွဲ ကစားပေးခဲ့ပြီး ၂၆ ဂိုး သွင်းယူပေးထားသူပါ။

သူက အသင်းမှာ ဆက်နေဖို့မရှိတော့ဘူးလို့ အပြတ်ငြင်းဆိုလိုက်ပြီး သူ့ရဲ့ဘဝနောက်ထပ်အခန်းကဏ္ဍသစ်အတွက် ပြင်ဆင်နေတာကြောင့် ဒီဆုံးဖြတ်ချက်ဟာ နောက်ဆုံးအပြီးသတ်ပဲလို့ ဆိုပါတယ်။ "နောက်ထပ်တစ်နှစ် ဆက်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ပါဘူး၊ အခွင့်အရေးလည်း မရှိတော့ပါဘူး။ ကျွန်တော်က ဂုဏ်သိက္ခာရှိရှိနဲ့ပဲ အသင်းကနေ ထွက်ခွာသွားမှာပါ" လို့ ကတ်စ်မဲရိုးက ESPN ကို ပြောပြခဲ့ပါတယ်။ "ဒီမှာဖြတ်သန်းခဲ့တဲ့ ၄ နှစ်တာကာလဟာ တကယ်ကို လှပပြီး အံ့ဩစရာကောင်းခဲ့ပါတယ်။ အသင်းကိုတင်မကဘဲ ပရိသတ်တွေကိုလည်း ထာဝစဉ် ကျေးဇူးတင်နေမှာပါ။ ဒီ ၄ နှစ်အတွင်းမှာ ကျွန်တော် အမြတ်နိုးဆုံးအရာကို ပြောပါဆိုရင်တော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပါပဲ။ ဒါပေမဲ့ အခုတော့ အားလုံးပြီးဆုံးသွားပါပြီ၊ ဒီမှာရှိတဲ့ ကျွန်တော့်ရဲ့ခရီးကတော့ ဒီလောက်ပါပဲ" လို့လည်း သူက ဆိုပါတယ်။