The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြရာထူးကို ရဖို့ ဖာနန်ဒက်စ်ရဲ့ ထောက်ခံမှုကိုပါ ရရှိထားတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ အသင်းရဲ့ အမြဲတမ်းနည်းပြချုပ် ဖြစ်လာဖို့အတွက် အသင်းဘက်က တရားဝင်ဆက်သွယ်လာမယ့်အချိန်ကို စောင့်ဆိုင်းနေပါတယ်။

ကာရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြိုင်ဘက် လီဗာပူးအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် မန်ယူအသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

ကွင်းလယ်လူဟောင်း ကာရစ်ဟာ ဒီရာသီအစောပိုင်းမှာ ရူဘင်အမော်ရင်မ် ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းကို မယုံကြည်နိုင်စရာကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးခဲ့ပြီး ၁၄ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်ပေးထားပါတယ်။

လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်၊ တော့တင်ဟမ်နဲ့ ချယ်လ်ဆီးတို့လို အသင်းကြီးတွေကို အနိုင်ယူနိုင်ခဲ့တာကြောင့် ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်တယ်ဆိုတာ ပရိသတ်တွေကြားမှာ သံသယဖြစ်စရာ မရှိတော့ပါဘူး။

လက်ရှိမှာတော့ သတင်းထောက် ဘန်ဂျေးကော့ဘ်ရဲ့ အဆိုအရ ယူနိုက်တက်ဘုတ်အဖွဲ့က ကာရစ်ကို စာချုပ်ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပြီး ကာရစ်ဘက်ကလည်း အသင်းဆီက တရားဝင်ဖုန်းခေါ်ဆိုမှုကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

"မိုက်ကယ်ကာရစ်က မန်ချက်စတာယူနိုက်တက်နဲ့ တရားဝင်ဆွေးနွေးဖို့ စောင့်နေပေမဲ့ သူဟာ အဲဒီရာထူးအတွက် အခွင့်အလမ်းအရှိဆုံးသူတစ်ယောက် ဖြစ်နေပါတယ်။ မန်ယူအသင်းကတော့ စေ့စပ်သေချာတဲ့ လုပ်ငန်းစဉ်တွေအရ ကိုယ်စားလှယ်လောင်း အများအပြားနဲ့ စကားပြောချင်နေတာပါ။ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တာကလည်း အဲဒီအစီအစဉ်ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဘရူနို ဖာနန်ဒက်စ်၊ မားသီးယပ်စ် ကွန်ညာနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ အပါအဝင် အသင်းရဲ့ စီနီယာကစားသမားအချို့ကတော့ ကာရစ်ကို နည်းပြအဖြစ် ဆက်ရှိစေချင်နေကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် ကာရစ်ဟာ လာမယ့်ရာသီအတွက် ကစားသမားသစ် ခေါ်ယူရေး အစည်းအဝေးတွေမှာလည်း ပါဝင်နေပါတယ်။ အင်္ဂလန်နည်းပြ သောမတ်စ် တူဟယ်လ် စာချုပ်သက်တမ်း မတိုးခင်တုန်းက မန်ယူအသင်းဟာ သူ့ကိုလည်း နည်းပြသစ်ရှာဖွေမှု လုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းစဉ်းစားချင်ခဲ့တာ ဖြစ်ပါတယ်။

ကာရစ်ဟာ ပရီးမီးယားလိဂ် အဖွင့်ကိုးပွဲမှာ ရှစ်ပွဲအထိ အနိုင်ရရှိခဲ့တဲ့ ခြောက်ယောက်မြောက် နည်းပြဖြစ်လာသလို ပထမဆုံး အင်္ဂလန်လူမျိုးနည်းပြလည်း ဖြစ်လာပါတယ်။ သူဟာ အဲဒီရာထူးအတွက် အရှိန်အဝါ အကောင်းဆုံးဖြစ်နေသလို အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ ထောက်ခံမှုပါ ရရှိထားတာကြောင့် လာမယ့်ရာသီမတိုင်ခင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ သေချာသလောက် ရှိနေပါတယ်။