The network connection is lost.

Banner Image

အင်္ဂလန်ဒါဘီပွဲစဉ်မတိုင်ခင် ဒရုန်းဖြင့် ဗီဒီယိုခိုးယူရိုက်ကူးမှုအပေါ် ဝေဖန်ပြောဆိုလိုက်တဲ့ အီရာအိုလာ

မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ပိုချက်တီနိုရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို ဗီဒီယိုခိုးယူရိုက်ကူးကာ အွန်းလိုင်းပေါ် ဖြန့်ဝေမှုတွေ ရှိလာခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းအနီး ဒရုန်းအသုံးပြုမှုကို ပိတ်ပင်သင့်တယ်လို့ လီဗာပူးနည်းပြအီရာအိုလာ ယူဆနေပါတယ်။

ဒီည၊ အန်ဖီးလ်ခရီးစဉ်မတိုင်ခင် ယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်း အပေါ်စီးမှ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းမှာ ပိုချက်တီနိုနဲ့ ယူနိုက်တက်ကြယ်ပွင့်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဒရုန်းမောင်းနှင်သူက ပြန်လည်တောင်းပန်ခဲ့သလို ဗီဒီယိုကိုလည်း ပြန်ပယ်ဖျက်ပေးခဲ့လို့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ဘက်မှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ မရှိဘူးလို့ ယူဆရပါတယ်။

အီရာအိုလာက "ဒီကိစ္စရဲ့အရေးအကြီးဆုံးအပိုင်းက ဒါမျိုးကို တရားဝင် ခွင့်မပြုသင့်ပါဘူး။ ဒါက ယူနိုက်တက်မှာ ဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ဆီမှာလည်း ဖြစ်လာနိုင်ပါတယ်" လို့ ပြောပါတယ်။

"မနေ့တုန်းကပဲ Sky Sports က ကျွန်တော်တို့ရဲ့လေ့ကျင့်ရေးကွင်းဆီ လာရောက်ပြီး ကင်မရာတွေနဲ့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ရိုက်ကူးခဲ့လို့ ဘယ်သူတွေ လေ့ကျင့်ခန်းဆင်းတယ်၊ ဘယ်သူတွေ မဆင်းဘူးဆိုတာကို ခင်ဗျားတို့ သိကြပါတယ်"

"ဒါက အသာစီးရယူမှုဆိုတဲ့ ပြဿနာ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးက ဒီလိုမျိုး လုပ်နိုင်နေတယ်ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ တံခါးပိတ်လေ့ကျင့်ခန်း ဆင်းကြတယ်ဆိုတာ အကြောင်းပြချက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးစားလိုက်နာရမယ့် အရာတချို့ ရှိနေလို့ပါပဲ။ ဒါက ဘယ်ကလပ်အသင်းအတွက်မဆို မကောင်းတဲ့ အရာတစ်ခုလို့ ထင်ပါတယ်" လို့ ပြောပါတယ်။