ဥရောပကလပ်တွေ စိတ်ဝင်စားနေပေမဲ့ ဘရိုက်တန်နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဟာဇလာ
သတင်းတွေအရ ဘရိုက်တန်အသင်းရဲ့ နည်းပြဖြစ်သူ ဟာဇလာဟာ အသင်းနဲ့အတူ ကာလရှည်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ရှုံးပွဲမရှိစံချိန်နဲ့အတူ ဥရောပဝင်ခွင့်ရဖို့ အခြေအနေကောင်းအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဟာဇလာရဲ့ အသင်းဟာ ဘန်လေကို အနိုင်ရခဲ့သလို၊ စပါးအသင်းနဲ့ပွဲမှာလည်း နောက်ကျချေပဂိုးနဲ့ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းကိုလည်း ၃ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ပတ်က နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပေမဲ့လည်း ဘရိုက်တန်ဟာ အဆင့် (၈) နေရာမှာ ရှိနေပြီး အဆင့် (၆) နေရာက အသင်းနဲ့ ၃ မှတ်အကွာမှာပဲ ရှိနေပါသေးတယ်။ အဲဒီ အဆင့် (၆) နေရာအတွက် ဘရန်ဖို့ဒ်၊ ချယ်လ်ဆီးတို့လို အသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။
အခုအခါမှာတော့ နာမည်ကျော်သတင်းထောက် ဖလော်ရီယန် ပလက်တင်ဘာ့ဂ်ရဲ့ ဖော်ပြချက်အရ ဂျာမန်လူမျိုးနည်းပြ ဟာဇလာဟာ ဘေယန်လေဗာကူဆင်အပါအဝင် တခြားဥရောပ ထိပ်တန်းအသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမဲ့ ဘရိုက်တန်နဲ့ပဲ ကာလရှည်စာချုပ်သစ် ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။
"သတင်းထူးအနေနဲ့ ဟာဇလာရဲ့ စာချုပ်သစ်ကိစ္စ အားလုံးပြီးမြောက်သွားပါပြီ။ ဘရိုက်တန်နဲ့ ချုပ်ဆိုမယ့် ကာလရှည်စာချုပ်အတွက် အသေးစိတ်အချက်အလက်အားလုံး သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာ လက်မှတ်ရေးထိုးတော့မှာပါ။ ဘရိုက်တန်ဘက်ကလည်း ဟာဇလာရဲ့ စွမ်းဆောင်ရည်အပေါ် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝကျေနပ်နေပြီး သူ့ကိုပဲ အသင်းရဲ့ အနာဂတ်အတွက် စီမံကိန်းတွေ ချမှတ်ထားပါတယ်။ လေဗာကူဆင် အပါအဝင် တခြားကမ်းလှမ်းမှုတွေ ရှိနေပေမဲ့ အသက် ၃၃ နှစ်အရွယ် နည်းပြဟာ အသင်းမှာပဲ ဆက်ရှိနေမှာပါ" လို့ ဖော်ပြထားပါတယ်။
ဟာဇလာဟာ ဂျာမန်ကလပ် စိန့်ပေါ်လီအသင်းမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရာသီအစမှာ ဘရိုက်တန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရောက်ရှိလာချိန်ကစလို့ အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ သူတို့ရဲ့ ကလပ်သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်နေတာပါ။ လက်ကျန် ၃ ပွဲဖြစ်တဲ့ လိဒ်ယူနိုက်တက်၊ ဝုလ်ဗ်နဲ့ မန်ချက်စတာယူနိုက်တက်တို့နဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်မှသာ ဥရောပပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။