ဂတ်ပိုရဲ့အပြောင်းအရွှေ့အတွက် ဖြစ်နိုင်သမျှ လမ်းဖွင့်ပေးထားပုံရတဲ့ အီရာအိုလာ
လီဗာပူးအသင်းနည်းပြအီရာအိုလာက ကိုဒီဂတ်ပိုရဲ့ အသင်းမှထွက်ခွာနိုင်ခြေရှိမှုအပေါ် လမ်းဖွင့်ပေးထားပုံ ရပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားက လီဗာပူးအသင်းရဲ့ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်နဲ့တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ လိဂ်ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပြီး အသင်းအတွက် ဗွေဆော်ဦးချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အီရာအိုလာလက်အောက်၊ အသင်းရဲ့အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်လာနေပုံရပေမဲ့လည်း အပြောင်းအရွှေ့စျေးကွက်မပိတ်သိမ်းခင် ပြိုင်ဘက်တော့တင်ဟမ်(သို့မဟုတ်) မန်စီးတီးဆီ ဂတ်ပို ရောက်ရှိလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြန်ပါတယ်။
လာမယ့်စနေနေ့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဂတ်ပိုရဲ့အနာဂတ်အလားအလာအကြောင်း မေးမြန်းရာမှာ အီရာအိုလာက "အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်နေချိန်မှာတော့ ဘာကိုမှ အာမမခံနိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီတိုက်စစ်မှူးဘာကိုလာ ပြောင်းရွှေ့လာနိုင်မှုနဲ့ပတ်သက်လို့လည်း လီဗာပူးနည်းပြက "ကျွန်တော်တို့အသင်း ကစားသမားမဟုတ်ရင် ပြောလို့ မရပါဘူး။ ဒါပေမဲ့ ကစားသမားအင်အားမလုံလောက်လို့ အဲ့ဒီနေရာကိုဖြည့်တင်းဖို့ ကြိုးပမ်းနေပါတယ်။ မကြာခင်မှာ သတင်းကောင်းရရှိလိမ့်မယ်လို့ မျှော်လင့်ပေမဲ့ အခုအထိတော့ မရောက်သေးပါဘူး။
အကယ်၍ အခြားနေရာတွေပါ အားဖြည့်နိုင်ဦးမယ်ဆိုရင် ကျွန်တော်တို့ လုပ်ဆောင်သွားပါမယ်။ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ လာမယ့်လေး၊ငါးရက်အတွင်း ကျွန်တော်တို့ ဘယ်လိုအခြေအနေရှိမလဲဆိုတာ သိရပါလိမ့်မယ်" လို့ ဆိုပါတယ်။