The network connection is lost.

Banner Image

အသင်းဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ပြောင်းလဲမှာ မဟုတ်ဘူးလို့ မျှော်လင့်ကြောင်း ရီးရဲလ်ဘက်တစ်နည်းပြ ပယ်လီဂရီနီ ပြောကြား

ရီးရဲလ်ဘက်တစ်နည်းပြ မန်နျူရယ် ပယ်လီဂရီနီက လာမယ့်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်က ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဘက်တစ်အသင်း ထွက်ခွာခဲ့ရပြီးနောက်မှာ ပယ်လီဂရီနီရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာခဲ့တာပါ။ ဂျီရိုနာအသင်းနဲ့ ကစားရမယ့်ပွဲစဉ်မတိုင်ခင် သူ့ရဲ့အနာဂတ်အကြောင်း မေးမြန်းရာမှာတော့ ပယ်လီဂရီနီက "ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဒီရာသီကို အရင်ဆုံး အဆုံးသတ်ဖို့ လိုပါတယ်။ အကယ်လို့ ကျွန်တော်တို့ အဆင့် ၅ နဲ့ အဆုံးသတ်နိုင်ခဲ့ရင် ဘယ်လိုပြိုင်ပွဲမျိုးကို ဝင်ခွင့်ရမလဲဆိုတာ သိရမှာပါ။ ကျွန်တော့်အတွက်တော့ ၆ နှစ်ဆက်တိုက် ဥရောပဝင်ခွင့် ရရှိမှာဖြစ်လို့ ဒါဟာ နောက်ထပ် ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။ အောင်မြင်တဲ့ ရာသီတစ်ခုဖြစ်တာက ယူရိုပါလိဂ် ဆမီးဖိုင်နယ်ကို မတက်နိုင်ခဲ့တဲ့ ခါးသီးမှုကိုတော့ ပျောက်ပျက်သွားစေမှာ မဟုတ်ပါဘူး။ ဒါက ကုစားရခက်တဲ့ ဒဏ်ရာတစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့ အဲဒီအဆင့်အထိ ရောက်နိုင်ခဲ့တဲ့အတွက် အခွင့်အရေးရှိခဲ့တာပါ" လို့ ဖြေကြားခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး "ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအရဆိုရင်တော့ အသင်းနဲ့ စာချုပ်ရှိနေဆဲဖြစ်ပြီး ပွဲတစ်ပွဲတည်းကြောင့် အသင်းဘုတ်အဖွဲ့က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိမ့်မယ်လို့ မထင်ပါဘူး။ တခြားသူတွေအတွက်တော့ ကျွန်တော် ပြောလို့မရပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခြေအနေက စိုးရိမ်စရာ အနည်းဆုံးကိစ္စပါလို့ အာမခံနိုင်ပါတယ်။ ကျွန်တော် တကယ် စိုးရိမ်တာက ဘက်တစ်အသင်းနဲ့အတူ အနိုင်ရရှိဖို့ပဲ ဖြစ်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်စာချုပ်အကြောင်း မဟုတ်ပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။