The network connection is lost.

Banner Image

အက်စတီဗာအိုကို ဟာဇက်နဲ့နှိုင်းယှဉ်နေတာက မဖြစ်သင့်ဘူးလို့ ပြောကြားလိုက်တဲ့ မာလူဒါ

ချဲလ်ဆီးနှင့် ပြင်သစ်လက်ရွေးစင်အသင်း၏ ကြယ်ပွင့်ဟောင်း ဖလောရင့်မာလူဒါက လူငယ်ကစားသမား အက်စတီဗာအိုကို အီဒင်ဟာဇတ်နှင့် နှိုင်းယှဉ်နေကြခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း မှတ်ချက်ပြုပြောကြားလိုက်ပါတယ်။

အက်စတီဗာအိုသည် ပြီးခဲ့သည့်နွေရာသီက ဘရာဇီးလ်ကလပ် ပါးလ်မိရပ်စ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၃၀ သန်း၊ အပိုဆုကြေး ပေါင် ၂၁ သန်းဖြင့် လန်ဒန်အနောက်ပိုင်းကလပ်သို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် ၂၂ ပွဲ ကစားထားရာ၌ ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

ဤတောင်ပံကစားသမားလေးသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခံထားရသူဖြစ်သဖြင့် အခွင့်အရေးရသည့်အခါတိုင်း ခြေစွမ်းပြနိုင်ရန်အတွက် ကြီးမားသောဖိအားများကို ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။

လက်ရှိတွင် အက်စတီဗာအိုကို အသင်း၏ ဂန္ထဝင်ကစားသမား ဟာဇတ်အပြင် ဘရာဇီးလ်ထိပ်တန်းကစားသမားကြီးများနှင့်ပါ နှိုင်းယှဉ်မှုများ ရှိနေခြင်းကြောင့် မာလုဒါက Snabbare နှင့် အင်တာဗျူးတွင် ဤလူငယ်ကစားသမားလေးအား ၎င်း၏ ကိုယ်ပိုင်ဟန်အတိုင်း လွတ်လွတ်လပ်လပ် ကစားခွင့်ပေးသင့်ကြောင်း အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

"ကျွန်တော်တို့အနေနဲ့ အက်စတီဗာအိုကို ဟာဇတ်နဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ အဲဒီလိုနှိုင်းယှဉ်တာက သူ့အတွက် ဘာမှအကျိုးရှိမှာ မဟုတ်လို့ပါ။ ဟာဇတ်ဆိုတာ ဆုဖလားများစွာ ဆွတ်ခူးခဲ့ပြီး အသင်းအတွက် သိသာတဲ့ပြောင်းလဲမှုတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ အခြေအနေချင်းက လုံးဝမတူပါဘူး။

ဟာဇတ် အသင်းကိုရောက်လာချိန်မှာ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလား ရရှိထားခါစဖြစ်သလို ဆုဖလားကြီးတွေ ရယူဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အသင်းပါ။ သူက အဲဒီအသင်းအတွက် တကယ့်ကို အဖိုးတန်တဲ့ အားဖြည့်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အက်စတီဗာအိုကတော့ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေရပြီး အရင်လို အောင်မြင်မှုတွေ ပြန်ရဖို့ ကြိုးစားနေရတဲ့ အသင်းဆီကို ရောက်လာတာပါ။

ကျွန်တော်တို့က အင်္ဂလန်နဲ့ ဥရောပက အကောင်းဆုံးအသင်းတွေရဲ့ နောက်မှာ ရှိနေပါသေးတယ်။ ဒါကြောင့် အက်စတီဗာအိုအနေနဲ့ ဟာဇတ်လိုမျိုး တိုးတက်လာဖို့ ကျွန်တော် မျှော်လင့်သလို ဆုလည်းတောင်းပေးပါတယ်။ ဒါပေမဲ့ သူက ငယ်သေးသလို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဘောလုံးလောကနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရတုန်းပါပဲ" ဟု ၎င်းက ဆိုပါတယ်။

ဟာဇတ်သည် ချယ်လ်ဆီးအသင်းတွင် ကစားခဲ့သည့် နှစ်များအတွင်း ပရီးမီးယားလိဂ်တစ်ခုတည်းမှာတင် ၂၄၅ ပွဲ ကစားခဲ့ပြီး ၈၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၅၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အက်စတီဗာအိုမှာမူ အသင်းတွင် ပထမဆုံးရာသီကိုသာ ဖြတ်သန်းနေရဆဲဖြစ်ပြီး ၎င်းအနေဖြင့် အောင်မြင်မှုရရှိရန်အတွက် ကမ္ဘာ့အဆင့် ကစားသမားဟောင်းများနှင့် နှိုင်းယှဉ်ဝေဖန်ခံရခြင်းထက် မိမိ၏ ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် တိုးတက်လာရန် အချိန်ပေးစောင့်ကြည့်သင့်ကြောင်း ဖော်ပြထားပါတယ်။