၆၅ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဆီ အောင်အောင်မြင်မြင်တက်လှမ်းနိုင်ခဲ့တဲ့ လင်ကွန်းစီးတီး
လင်ကွန်းစီးတီးအသင်းက ရီးဒင်းအသင်းကို နာကျင်အချိန်ပိုမှာ ရရှိတဲ့ အံ့အားသင့်ဖွယ်သွင်းဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံရှစ်ပြိုင်ပွဲဆီ တက်လှမ်းရောက်ရှိလာပါတယ်။ ဒါကြောင့် လင်ကွန်းစီးတီးက ၆၅ နှစ်တာကာလအတွင်း အင်္ဂလန်ဒုတိယတန်းဆီ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာပါတယ်။
၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရဖို့အတွက် "The Imps" လို့ လူသိများတဲ့ လင်ကွန်းအသင်းက အခုပွဲစဉ်မှာ တစ်မှတ်ရရှိရုံနဲ့ လုံလောက်နေပါတယ်။ ပွဲအစမှာ ရိုင်ယန်ဝမ်းက လင်ကွန်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို ၂ မိနစ်မှာ ရီးဒင်းကွင်းလယ်လူ လူးဝစ်ဝင်းက ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် သရေရလဒ်နဲ့အတူ တန်းတက်ဖို့ သေချာသလောက် ရှိနေခဲ့ပါတယ်။
ဒါပေမဲ့လည်း ပွဲချိန် ၉၆ မိနစ်မှာ ဂျက်မွိုင်လန်က အနိုင်ဂိုး သွင်းယူပေးခဲ့လို့ လင်ကွန်းတို့ Select Car Leasing ကွင်းမှာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး တန်းတက်ခွင့်ကို အပိုင်ရယူအောင်ပွဲခံနိုင်ခဲ့ပါတယ်။
ဒီရလဒ်ကြောင့် နည်းပြမိုက်ကယ်စကူဘာလာရဲ့အသင်းဟာ ရမှတ် ၉၀ မှတ်ဖြင့် လိဂ်ဝမ်းအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး တတိယနေရာရှိ ဘရက်ဖို့ဒ်စီးတီးကို ၁၉ မှတ်အထိ ဖြတ်ထားနိုင်သလို ဒုတိယနေရာရှိ ကာဒစ်ဖ်စီးတီးထက်လည်း ၁၂ မှတ် သာလွန်နေပါတယ်။
လင်ကွန်းစီးတီးအသင်းက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ရှုံးပွဲမရှိခဲ့ဘဲ အခုဆိုရင် လိဂ်ပွဲစဉ် ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့အတူ လိဂ်ချန်ပီယံဆုကိုပါ ပစ်မှတ်ထားနေပါတယ်။
လင်ကွန်းတို့က ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းဆီ တန်းပြန်တက်လာပြီး သူတို့ထက် ပိုကြာကြာစောင့်ဆိုင်းခဲ့ရတာဆိုလို့ ၁၀၂ နှစ်တိုင်အောင် အဲဒီအဆင့်မှာ မကစားရသေးတဲ့ ခရူဝီအသင်းပဲ ရှိပါတော့တယ်။
အဲဒီကာလတွေအတွင်း လင်ကွန်းအသင်းက ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှာ လိဂ်တူးမှတန်းဆင်းခဲ့ရပြီး ပဉ္စမတန်းဖြစ်တဲ့ နေရှင်နယ်လိဂ်အထိတောင် ရောက်သွားခဲ့ပါသေးတယ်။ အလိုအလျောက်တန်းတက်ခွင့်တစ်နေရာတည်းသာရှိလို့ တန်းတက်ဖို့ခက်ခဲလှတဲ့ ပဉ္စမတန်းလိဂ်မှာ လင်ကွန်းစီးတီးက ခြောက်ရာသီကြာ ဖြတ်သန်းခဲ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၆-၂၀၁၇ ရာသီမှာတော့ လင်ကွန်းက နေရှင်နယ်လိဂ်မှာ ချန်ပီယံဖြစ်ခဲ့သလို FA ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အထိ ရောက်ရှိတဲ့ သမိုင်းဝင်ခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ အဲဒီတုန်းက ချန်ပီယံရှစ်အသင်းတွေဖြစ်တဲ့ အစ်ဝစ်ချ်၊ ဘရိုက်တန်တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ဘန်လေကိုတောင် အဝေးကွင်းမှာ အနိုင်ယူခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အာဆင်နယ်ကို ရှုံးနိမ့်ပြီး သူတို့ရဲ့ ခရီးစဉ် ရပ်တန့်ခဲ့ရတယ်။
အဲ့ဒီအချိန်မှစလို့ သူတို့ရဲ့အခြေအနေတွေ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ တတိယတန်းဆီ တက်လှမ်းခဲ့ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ လိဂ်ဝမ်းပလေးအော့ဖ်ဆီမီးဖိုင်နယ်မှာ စိတ်ပျက်စရာကောင်းအောင် ရှုံးနိမ့်ခဲ့သလို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာလည်း ထိပ်ဆုံးခြောက်သင်းစာရင်းဝင်ဖို့ ကပ်လွဲခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူတို့မျှော်လင့်နေတဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ရောက်ရှိလာခဲ့ပါပြီ။
လင်ကွန်းစီးတီးက အခုဘောလုံးရာသီ၊ အင်္ဂလန်လိဂ်ပြိုင်ပွဲတွေအနက် ပထမဆုံး တန်းတက်ခွင့်ရခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေအရ ချန်ပီယံရှစ်မှာ ကိုဗင်ထရီအသင်းက တတိယနေရာရှိပြိုင်ဘက်ကို ၁၁ မှတ် ဖြတ်ထားသလို လိဂ်တူးမှာလည်း တတိယတန်းကို တစ်ခါမှ မရောက်ဖူးသေးတဲ့ ဘရွမ်လေအသင်းက စတုတ္ထနေရာရှိပြိုင်ဘက်ထက် ၆ မှတ် အသာရနေပါတယ်။