The network connection is lost.

Banner Image

လင်ကွန်းစီးတီးကိုအနိုင်ရဖို့ နည်းဗျူဟာအပြောင်းအလဲတွေပြုလုပ်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ လိဂ်ဝမ်းကလပ် လင်ကွန်းစီးတီးကိုအနိုင်ရဖို့ နည်းဗျူဟာအပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးဟာ ပထမပိုင်းအတွင်း လင်ကွန်းကို ၁-၀ နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းရောက်မှသာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။ မာရက်စ်ကာက "ကျွန်တော်တို့ ဒီပွဲမှာ ပထမပိုင်းအတွင်း ကစားပုံမကောင်းခဲ့ပေမယ့် အဲဒီအတိုင်းကစားဖို့ အစကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် ပထပမိုင်းမှာ ကျွန်တော်တို့ ဂိုးရဖို့ နည်းနည်းရုန်းကန်ခဲ့ရပါတယ်"

"ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အပြောင်းအလဲအချို့ပြုလုပ်ခဲ့လို့ အများကြီးပိုကောင်းလာခဲ့ပါတယ်။ ကျွန်တော်တို့ နည်းဗျူဟာဆိုင်ရာ ပြောင်းလဲမှုတွေပြုလုပ်ခဲ့ရပေမယ့် ဒီပွဲက အရမ်းခက်ခဲခဲ့လို့ အသင်းရဲ့ကစားသမားတွေကို အနိုင်ရလဒ်အတွက် ချီးကျူးရပါမယ်။ သူတို့ဘက်က ဖြတ်တင်ဘောတွေ၊ ဖရီးကစ်တွေ လက်ပစ်ဘောတွေနဲ့ ကျွန်တော်တို့ကိုဂိုးဧရိယာထဲမှာ အလုပ်ရှုပ်စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ခံစစ်ကစားပုံက ဒီနေ့မှာ အတော်လေးထူးချွန်ခဲ့ပြီး အနိုင်ရခဲ့လို့လည်း ပျော်ရွှင်ပါတယ်"

"ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ နည်းဗျူဟာဆိုင်ရာပြောင်းလဲမှုတွေပြုလုပ်ခဲ့ပြီး ဒီလိုလုပ်ခဲ့တာ အရမ်းအရေးပါခဲ့ပါတယ်။ ဂျော်ရဲလ်ဟာတိုက ပထမပိုင်းက ကစားပုံနဲ့မတူညီဘဲ ဒုတိယပိုင်းမှာ မတူညီတဲ့နေရာတွေကို ချိတ်ဆက်ကစားခဲ့ပါတယ်။ ပထမပိုင်းအသင်းရဲ့ကစားပုံနဲ့ ဒုတိယပိုင်းကစားပုံက အတော်လေးကွဲပြားခြားနားခဲ့ပြီး ကျွန်တော်တို့ ပိုကောင်းလာခဲ့လို့ အနိုင်ရခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။