The network connection is lost.

Banner Image

အက်ဖ်အေဖလားရှုံးပွဲကြောင့် အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲ ခက်ခဲကြမ်းတမ်းလာလိမ့်မယ်လို့ သတိပေးလိုက်တဲ့ အလန်ရှီးယား

ပရီးမီးယားလိဂ်ဂန္ထဝင်တိုက်စစ်မှူးကြီးအလန်ရှီးယားက အာဆင်နယ်ရဲ့အက်ဖ်အေဖလားခရီးစဉ်အဆုံးသတ်မှုကို လိဂ်ချန်ပီယံဆုမျှော်လင့်ချက်အတွက် ထိုးနှက်ချက်အဖြစ် ယူဆနေပါတယ်။

အာဆင်နယ်က အက်ဖ်အေဖလားမှာ ဆောက်သမ်တန်ကို ရှုံးပြီး ထွက်ခဲ့ရသလို ကာရာဘောင်ဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ဂန်းနားတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ဆီလည်း တက်လှမ်းထားနိုင်ပါတယ်။

လတ်တလောမှာ ဂန်းနားတွေက မန်စီးတီးထက်စာရင် ပရီးမီးယားလိဂ်ဖလား ရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အခုသီတင်းပတ်ကုန်၊ ဘုန်းမောက်နဲ့ ပွဲစဉ်မတိုင်ခင် သူတို့ရဲ့ ကံကြမ္မာကို အကောင်းဘက်ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Betfair နဲ့ စကားပြောဆိုချိန်မှာတော့ အလန်ရှီးယားက အာဆင်နယ်သာ ချန်ပီယံဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့ ယုံကြည်နေပေမဲ့ လတ်တလောဆုဖလားပြိုင်ပွဲတွေမှထွက်ခဲ့ရမှုကြောင့် သူတို့ရဲ့ အစီအစဉ်တွေ အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

"အာဆင်နယ်အတွက် အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက်ပိုင်း သူတို့ မျှော်မှန်းထားတဲ့အောင်မြင်မှုကို ရယူနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာအရ တကယ်ကို ခက်ခဲသွားပါလိမ့်မယ်။ မန်စီးတီးက အက်ဖ်အေဖလားကို ရသွားမယ်ဆိုရင်လည်း ကျွန်တော် မအံ့သြပါဘူး၊ သူတို့က ဖလားတစ်လုံးကို ရယူထားနိုင်ပြီလေ" လို့ အလန်ရှီးယားက ပြောပါတယ်။

ဆက်လက်ပြီး ၎င်းက "ဒါပေမဲ့ မန်စီးတီးက ပရီးမီးယားလိဂ်ဖလား ရလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ချန်ပီယံလိဂ်မှာလည်း သူတို့ မရှိတော့ပါဘူး။ သူတို့ ရင်ဆိုင်ရမယ့်ပွဲစဉ်က ခက်ခဲမယ်ဆိုတာ သိပေမဲ့ သူတို့ရဲ့ သမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေအရတော့ အာဆင်နယ် ဖလားရဖို့ ရေပန်းအစားဆုံး ဖြစ်နေလိမ့်မယ်လို့ ထင်ပါတယ်။ အခု မန်စီးတီးက လီဗာပူးကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်သွားပြီဆိုတော့ အက်ဖ်အေဖလားကို သူတို့ပဲ ရသွားမယ်လို့ ကျွန်တော် ထင်တယ်" လို့ ဆိုပါတယ်။

Opta ရဲ့ခန့်မှန်းချက်အရ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ၉၇ဒဿမ၄၂ ရာခိုင်နှုန်းအထိ ရှိပြီး တကယ်လို့များ ဒီရာသီမှာ သူတို့တွေ ခြေချော်ပြီး ဆုဖလားလက်လွှတ်လိုက်ရမယ်ဆိုရင်တော့ ပြိုင်ဘက် ပရိသတ်တွေအတွက် ဘယ်လိုမှမေ့ပျောက်နိုင်စရာမရှိတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်။