
အာဆင်နယ်သို့ ပြန်ရောက်ရန် အလားအလာရှိနေတဲ့ ဂျက်ဝီရှိုင်းယား
အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက် ဝီရှိုင်းယားဟာ ငယ်ဘဝကလပ်သို့ ပြန်လာရန် အလားအလာကောင်းများ ရှိနေပြီး အသင်း၏ ယူ ၂၁ အသင်းနည်းပြချုပ် ရာထူးအတွက် စဉ်းစားခံရတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာပါတယ်။ ဂန်နာတို့ဟာ ယခုနွေရာသီအစောပိုင်းက ကလပ်မှ ထွက်ခွာသွားတဲ့ မက်မက် အလီ ရဲ့ နေရာတွင် ဆက်ခံသူကို ရှာဖွေနေခြင်းဖြစ်ပါတယ်။ မက်မက် အလီဟာ နောဝစ်ချ် အသင်းရဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ကိတ် အန်ဒရူး လက်အောက်တွင် အကြီးတန်းနည်းပြတာဝန်ယူရန် ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။
ဝီရှိုင်းယားဟာ ယခင်က အာဆင်နယ်ရဲ့ လူငယ်အသင်းတွင် ယူ ၁၈ အသင်းနည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့နည်းပြဘဝကို ဆက်လက်မြှင့်တင်ရန်အတွက် ချန်ပီယံရှစ်ကလပ် နောဝစ်ချ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဧပြီလတွင် ဂျိုဟန်နက်စ် ဟော့ဖ် သော်ရု ထွက်ခွာသွားပြီးနောက် သူ့ကို ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။သို့သော်လည်း သူ့ရဲ့နည်းပြဘဝဟာ ဇွန်လတွင် ကလပ်က လီယမ် မန်းနင်း ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့အခါ ပြီးဆုံးခဲ့ပြီး နောဝစ်ချ်နည်းပြအဖွဲ့မှလည်း ထွက်ခွာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဝီရှိုင်းယားဟာ သူ့ရဲ့နောက်လာမည့်အစီအစဉ်တွေကို စဉ်းစားနေပြီး BBC ရဲ့ ဖော်ပြချက်အရ အာဆင်နယ်သို့ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။
ဝီရှိုင်းယားကို ယူ ၂၁ အသင်းတာဝန်အတွက် သေချာစဉ်းစားနေသော်လည်း အာဆင်နယ်ကမူ တိကျတဲ့ ဆုံးဖြတ်ချက်ကို မချရသေးပါဘူး။ ဂန်နာ ကွင်းလယ်လူဟောင်းဟာ ကလပ်ရှိ သူ့ရဲ့ရာထူးဟောင်း၌ အောင်မြင်မှုများ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် FA Youth Cup ဗိုလ်လုပွဲသို့ ယူ ၁၈ အသင်းကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဝီရှိုင်းယားဟာ အီယန် ဖော်စတာ ထွက်ခွာပြီးနောက် ပလိုင်းမောက် အာဂျိုင်းလ် ရဲ့ မန်နေဂျာရာထူးအတွက် မကြာသေးမီက အင်တာဗျူး ဖြေဆိုခဲ့ပါသေးတယ်။ သူဟာနောက်ဆုံး ဆန်ကာတင်စာရင်းဝင် တစ်ဦးဖြစ်သော်လည်း ထိုရာထူးကို ယူနိုက်တက်နှင့် အင်္ဂလန် ကွင်းလယ်လူဟောင်း တွမ် ကလဲဗာလေက ရရှိသွားခဲ့ပါတယ်။
ဂန်နာတို့ဟာ မကြာသေးမီရာသီများက လူငယ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်မှု ကို သိသိသာသာ မြှင့်တင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုများကြောင့် အီသန် နွမ်နာရီ နှင့် မိုင်းလ်စ် လူးဝစ်-စကယ်လ်လီ တို့လို အရည်အချင်းရှိသူများကို ပထမအသင်းသို့ တက်ရောက်လာစေခြင်းဖြင့် အသီးအပွင့်များ ရရှိခဲ့ပါတယ်။
အာဆင်နယ်၏ နာမည်ကျော် အကယ်ဒမီမှ ထွက်ပေါ်လာပြီး ပထမအသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ကစားခဲ့ဖူးတဲ့ ဝီရှင်းယားအတွက် အမ်းမရိတ်စ် သို့ ပြန်လာခြင်းက အိမ်သို့ပြန်လာခြင်းသဖွယ် ဖြစ်ပါလိမ့်မယ်။