The network connection is lost.

Banner Image

မိုနာကိုရဲ့ လစာအများဆုံးကစားသမား ထိပ်ဆုံး ၁၀ ဦးစာရင်းမှာတောင် မပါဝင်တော့တဲ့ ပေါ့ဂ်ဘာ

ပြီးခဲ့သည့်နှစ်က မိုနာကိုအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ပေါလ်ပေါ့ဘာ၏ လစာငွေပမာဏကို အခုအခါတွင် သိရှိခွင့်ရခဲ့ပြီဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ပေါ့ဘာသည် ဆေးစစ်ဆေးမှုကျရှုံးပြီး ပွဲပယ်ပြစ်ဒဏ်ခံရပြီးနောက် ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သော်လည်း ဒဏ်ရာများ ဆက်တိုက်ရရှိနေခြင်းကြောင့် ပြင်သစ်လိဂ် (Ligue 1) တွင် ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရပြီး သူမျှော်လင့်ထားသလို ဖြစ်မလာသေးပေ။

သို့သော်လည်း ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် မန်ချက်စတာယူနိုက်တက်တွင် ရှိစဉ်က ရရှိခဲ့သည်ဟု သတင်းထွက်ခဲ့သော တစ်ပတ်လုပ်ခ ပေါင် ၂၉၀,၀၀၀ မှ အမြောက်အမြား လျှော့ချကာ သူ၏ကစားသမားဘဝကို ရှေ့ဆက်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

L’Equipe ၏ ဖော်ပြချက်အရ ပေါ့ဘာသည် တစ်ပတ်လျှင် ပေါင် ၄၄,၀၀၀ အောက်သာ ရရှိနေပြီး ယင်းသည် ပြင်သစ်လိဂ်တွင်သာမက မိုနာကိုအသင်း၏ လစာအများဆုံးရရှိသူ ၁၀ ဦးစာရင်းတွင်ပင် မပါဝင်ကြောင်း သိရသည်။

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် သုံးလခွဲကြာ အနားယူခဲ့ရပြီးနောက် ပေါ့ဘာသည် နိုင်ငံတကာပွဲစဉ်များကြောင့် အားလပ်သည့်ရက်အတွင်း ဘရန့်ဖို့ဒ် အသင်းခွဲ (Brentford’s B team) နှင့် ကစားခဲ့သည့် ကွင်းပိတ်ခြေစမ်းပွဲတွင် ပြန်လည်ပါဝင်လာခဲ့သည်။ မိုနာကိုနည်းပြဖြစ်သူ ဆီဘက်ရှီယန် ပိုကိုဂနိုလီကလည်း မတ်လ နိုင်ငံတကာပွဲစဉ်များအပြီးတွင် ပေါ့ဘာတစ်ယောက် ကွင်းထဲသို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပေါ့ဘာသည် ထိုခြေစမ်းပွဲတွင် ဧရိယာအပြင်ဘက်မှ လှပစွာကန်သွင်းပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း သူ၏ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သည်။ သူနောက်ဆုံးသွင်းခဲ့သည့်ဂိုးမှာ မန်ယူအသင်းတွင် ကစားစဉ်က ပရီးမီးယားလိဂ်၌ ဘန်လေနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ဖြစ်သည်။

ယခုရာသီ မိုနာကိုအသင်းအတွက် တရားဝင်ပြိုင်ပွဲများတွင် ပေါ့ဘာသည် မိနစ် ၃၀ သာ ကစားထားရသေးသည်။ ယခုတစ်ပတ်တွင် ကလပ်အသင်းပွဲစဉ်များ ပြန်လည်စတင်ချိန်၌ ပေါ့ဘာအနေဖြင့် အသင်းအတွက် ပိုမိုအစွမ်းပြနိုင်ရန် မိုနာကိုအသင်းဘက်က မျှော်လင့်နေပါသည်။