ပေါင်သန်း ၁၃၀ တန်ကြေးနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းမှတ်ချက်ပေးလာတဲ့ မော်ဂန်ရိုဂျာစ်
အက်စတွန်ဗီလာကြယ်ပွင့်မော်ဂန်ရိုဂျာစ်က သူ့အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၃၀ ဆိုတဲ့ ပမာဏကို အရမ်းများပြားလွန်းတယ်လို့ ခံစားနေရပါတယ်။
The Telegraph ရဲ့ဖော်ပြချက်အရ ဗီလာအသင်းက မော်ဂန်ရိုဂျာစ်ကို ရောင်းချဖို့ ငြင်းဆန်ထားပြီး အီလီယော့အန်ဒါဆန်အတွက် မန်စီးတီးအသင်းပေးချေခဲ့ရတဲ့ ပေါင် ၁၁၆ သန်းဆိုတဲ့ ပမာဏထက် ပိုမိုထိုက်တန်လွန်းသူအဖြစ် ယုံကြည်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းက ရိုဂျာစ်ကို အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်ရဲ့အဓိကပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပေမဲ့ ဗီလာကတော့ သူတို့ရဲ့ကွင်းလယ်လူကို ပေါင်သန်း ၁၃၀ ဆိုတဲ့ ပမာဏအောက် လျော့ချပြီး မရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။
တနင်္လာနေ့မနက်ပိုင်း၊ မက္ကဆီကိုနဲ့ရင်ဆိုင်ရမယ့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ဆီ အာရုံစိုက်နေတဲ့ ရိုဂျာစ်ကို အခုလိုမြင့်မားလှတဲ့စျေးနှုန်းသတ်မှတ်ချက်နဲ့ပတ်သက်လို့ မေးမြန်းရာ သူက "ကျွန်တော် အဲဒီလောက်အထိ တန်ပါ့မလားတောင် မသေချာပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။
"အခုလိုတန်ဖိုးထားတယ်ဆိုတာကို ကြားသိရလို့ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ပြင်ပပြောဆိုသံတွေက ကျွန်တော့်အပေါ် လွှမ်းမိုလို့မရပါဘူး။ ကျွန်တော်ကတော့ အခုနေရာဆီ ပို့ဆောင်ပေးခဲ့တဲ့ စိတ်ဓါတ်အတိုင်းပဲ ဆက်အာရုံစိုက်သွားမှာဖြစ်သလို ပိုကောင်းအောင်လည်း အမြဲကြိုးစားသွားပါမယ်။ ဒီလိုသတင်းတွေကို ကျွန်တော် သိပ်နားမယောင်ပါဘူး" လို့ သူက ဆိုပါတယ်။
ရိုဂျာစ်က ပနားမားကိုအနိုင်ရခဲ့တဲ့အုပ်စုပွဲစဉ်မှာ အင်္ဂလန်အတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲထွက်ခွင့်ရရှိခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၁၈ ပွဲအထိ ကစားပေးထားပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်အောင်ပွဲရရှိအောင် ဦးဆောင်ပေးခဲ့ပြီးနောက် သူက ကစားသမားဘ၀နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ မျှော်လင့်နေနိုင်ပါတယ်။ အာဆင်နယ်က သူ့ကို အဓိကပစ်မှတ်ထားနေပေမဲ့ ပေါင်သန်း ၁၃၀ ဆိုတဲ့ တန်ကြေးကြောင့် ကမ်းလှမ်းမှုပြုလုပ်လာဖို့ ဖြစ်နိုင်ခြေ အတော်လေးနည်းပါးနေပါတယ်။
အက်စတွန်ဗီလာအတွက် ပြိုင်ပွဲစုံ ၁၂၅ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၆၀ ကြိမ်အထိ ပြုလုပ်ထားတဲ့ ရိုဂျာစ်က ဘယ်အသင်းအတွက်မဆို သင့်လျော်တဲ့ကစားသမားမျိုး ဖြစ်ပေမဲ့ သူ့အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကြောင့် အခုနွေရာသီမှာ အပြောင်းအလဲဖြစ်ပေါ်လာဖို့ အဓိကအတားအဆီး ဖြစ်နေပါတယ်။