The network connection is lost.

Banner Image

ဒီနှစ်ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်ရယူနိုင်မယ်လို့ယုံကြည်ကြောင်းဖွင့်ဟလာတဲ့ မော်စကွဲရား

အာဆင်နယ်နောက်ခံလူ ခရစ္စတီယန် မော်စကွဲရားက အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရရှိနိုင်ခြေ အခြေအနေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဂန်းနားတို့ဟာ ရာသီကုန်ဖို့ ၇ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်မှာ ၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေတာဖြစ်လို့ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း သူတို့ရဲ့ ပထမဆုံး လိဂ်ဖလားကို အရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

မော်စကွဲရားက အာဆင်နယ်အနေနဲ့ ပရီမီယာလိဂ်မှာ အဆုံးအထိ တိုက်ပွဲဝင်သွားနိုင်သလို တစ်ဖက်မှာလည်း FA ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်တာကြောင့် အောင်မြင်မှုရဖို့ အကောင်းမြင်နေပါတယ်။ အာဆင်နယ်ဟာ EFL ဖလားပြိုင်ပွဲမှာတော့ ရှုံးနိမ့်ပြီး လက်လွှတ်ခဲ့ရတာပါ။

အသင်းရဲ့ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တဲ့ နှစ်တွေအကြောင်း ပြောရာမှာတော့ မော်စကွဲရားက အာဆင်နယ်ဟာ ဒီနှစ်မှာ အားလုံးကို ပြန်လည်ချေပပြီး လိုအပ်နေတဲ့ ဆုဖလားတွေကို အရယူနိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေတုန်းက အာဆင်နယ်က ရည်မှန်းထားသလောက် ဖြစ်မလာခဲ့ပါဘူး၊ ဒါပေမဲ့ ဒီနှစ်မှာတော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ဖလားတွေရနိုင်တဲ့ အခွင့်အရေးရှိနေတယ်ဆိုတာ သိပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ချန်ပီယံလိဂ်မှာလည်း ဒီနှစ် ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်းကစားနေတယ်လို့ ထင်ပါတယ်၊ အခု ကွာတားဖိုင်နယ်ကို ရောက်နေပြီဆိုတော့ ဒီထက်ပိုပြီး အလှမ်းဝေးဝေးသွားနိုင်ဖို့နဲ့ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

မော်စကွဲရားဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဆားဘီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ စပိန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ သူဟာ ဒီတစ်ပတ်ပိတ်ရက်မှာ ကစားမယ့် ဆောက်သမ်တန်နဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွက်လည်း ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းမှာ ပြီးခဲ့တဲ့အပတ်အတွင်း နိုင်ငံတကာပွဲစဉ်တွေကနေ ဒဏ်ရာကြောင့် ပြန်လည်နှုတ်ထွက်ခဲ့ရတဲ့ ကစားသမား ၁၀ ဦးအထိ ရှိနေတာကြောင့် ဒါဟာ ကလပ်အသင်းပွဲစဉ်တွေ ပြန်စဖို့ ပြင်ဆင်နေတဲ့ နည်းပြ မီခေးလ် အာတီတာအတွက်တော့ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေပါတယ်။