လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေကို ရှုံးပွဲမရှိ(Invincibles)အသင်းနဲ့ နှိုင်းယှဉ်လိုက်တဲ့ ဂန်းနားဂန္တဝင်
အာဆင်နယ်ဂန္တဝင် ဝင်တာဘန်းက ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ၊ ရှုံးပွဲမရှိ (Invincible) စံချိန်တင်ခဲ့တဲ့ အသင်းကို ကျော်ဖြတ်နိုင်ဖို့အတွက် လက်ရှိအသင်းမှာ အတော်လေးနီးစပ်နေပါပြီလို့ ပြောကြားလိုက်ပါတယ်။
အာတီတာရဲ့အသင်းက အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ပြီး လာမယ့်စနေနေ့မှာတော့ ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားနဲ့ ဥရောပချန်ပီယံဆု တပြိုင်နက်သိမ်းပိုက်နိုင်မယ့်အခွင့်အရေး ရရှိထားပါတယ်။
လက်ရှိဂန်းနားတွေက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပြင်သစ်ဘီလူးကြီးပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။ ပီအက်စ်ဂျီကတော့ ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံသရဖူဆောင်းထားနိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။
အခုသီတင်းပတ်ကုန်ပိုင်းမှာသာ နိုင်ပွဲရရှိရင် လက်ရှိအသင်းကို အာဆင်နယ်အသင်းသမိုင်းကြောင်းရဲ့ ဘယ်လိုအဆင့်မျိုးမှာ ထားရှိမလဲဆိုတဲ့မေးခွန်းကို ဝင်ဘာတန်းက " တကယ်ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ ကလပ်သမိုင်းမှာတော့ ရှုံးပွဲမရှိ(Invincibles)အသင်းနဲ့အတူ ထိပ်ဆုံးနေရာမှာ ရှိနေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒီအသင်းက နောက်ထပ်ဖလားတွေ၊ ဆုဖလားကြီးတွေ ထပ်ရနိုင်သလို ချန်ပီယံလိဂ်ဖိုင်နယ်ဆီလည်း ထပ်ရောက်နိုင်ဦးမယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ဆိုပါတယ်။
"ဒါကြောင့် အခုလောလောဆယ်မှာတော့ ရှုံးပွဲမရှိအသင်းက ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပေမဲ့ ဒီအသင်းက သူတို့ကို ကျော်တက်နိုင်ဖို့ သေချာပေါက် နီးစပ်နေပါပြီ။ ပရီးမီးယားလိဂ်ခေတ်ကို ကြည့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့ဖလားသုံးလုံးအောင်ပွဲ(Treble)၊ မန်စီးတီးရဲ့ ဖလားသုံးလုံးအောင်ပွဲတို့ ရှိခဲ့သလို အခုအသင်းလုပ်ပြနေတာတွေကလည်း အဲ့ဒီအသင်းတွေနဲ့ တန်းတူပါပဲ"
"ဒါပေမဲ့ ကျွန်တော်က အာဆင်နယ်ကို ကြည့်သလိုမျိုး တခြားအသင်းတွေကို သီတင်းပတ်တိုင်း စောင့်မကြည့်ဖြစ်လို့ အာဆင်နယ်အသင်းအကြောင်းပဲ ပြောနိုင်ပါတယ်။ ဒီအသင်းက အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်မယ်ဆိုတာ သေချာသလို လာမယ့်စနေနေ့၊ ချန်ပီယံလိဂ်မှာလည်း အောင်မြင်မှုရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီအခါကျရင် ဘယ်အသင်း အကောင်းဆုံးလဲဆိုတာကို သေချာပေါက်ဆွေးနွေးလို့ရနိုင်ပါလိမ့်မယ်" လို့ ဝင်တာဘန်းက ပြောသွားပါတယ်။
ဝင်တာဘန်းက ၁၉၈၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အာဆင်နယ်အတွက် ၅၈၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ဂန်းနားတွေရဲ့သမိုင်းတလျှောက် ပွဲအများဆုံးကစားထားသူတွေအနက် ပဉ္စမမြောက်ကစားသမားလည်း ဖြစ်ပါတယ်။