ပက်ဂွါဒီယိုလာလိုပဲ မန်စီးတီးမှထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရူဘင်ဒီယက်စ်
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ မန်စီးတီးကို ဆယ်စုနှစ်တစ်ခုကြာတာဝန်ယူခဲ့တဲ့ ပက်ဂွါဒီယိုလာအတွက် ပရိသတ်တွေ စိတ်မကောင်းခြင်းများစွာနဲ့ နှုတ်ဆက်ပေးခဲ့ရသလို လာမယ့်နွေရာသီကာလမှာလည်း ရူဘင်ဒီယက်စ်ကိုပါ နှုတ်ဆက်သွားရဖို့ ရှိနေပါတယ်။
အီတီဟတ်ကွင်းမှာ ဆယ်စုနှစ်တစ်ခုကြာတာဝန်ယူခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့နေရာကို အန်ဇိုမာရက်စ်ကာ အစားထိုးဝင်ရောက်လာမယ်လို့ မျှော်လင့်ရပြီး အသင်းမှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေအဖြစ် ဘာနာဒိုဆေးလ်ဗားနဲ့ ဂျွန်စတုန်းစ်တို့ပါ ထွက်ခွာသွားကြပါတော့မယ်။
၂၀၁၆ ခုနှစ်၊ နွေရာသီမှာ မန်စီးတီးဆီ စတင်ရောက်ရှိလာပြီးနောက် ပက်ဂွါဒီယိုလာက အသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ၂၀၂၃ ခုနှစ်မှာ အသင်းသမိုင်းတလျှောက် ပထမဆုံးချန်ပီယံလိဂ်ဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
အတိုချုပ်ပြောရရင် သူ့ရဲ့နေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲနိုင်ပြီး အခုနွေရာသီမှာ အသင်းကို အကြီးအကျယ်ပြန်လည်တည်ဆောက်ဖို့ ရှိနေချိန်မှာပဲ ဝါရင့်နောက်ခံလူဒီယက်စ်လည်း ရာသီသစ်မစခင် အသင်းမှထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
CaughtOffside ရဲ့ ဖော်ပြချက်အရ ဒီယက်စ်က ၂၀၂၀ ပြည့်နှစ်မှာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိမယ့် ကာလရှည်စာချုပ်ကို ချုပ်ဆိုထားပေမဲ့ အခု ပက်ဂွါဒီယိုလာထွက်ခွာသွားပြီးနောက် သူပါ အင်္ဂလန်ကလပ်အသင်းကို စွန့်စွာဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
ဈေးကွက်ပေါက်ဈေး ယူရို သန်း ၆၀ လောက် ရှိနေတဲ့ ဒီပေါ်တူဂီလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့လည်း စိတ်ဝင်စားနေကြပါတယ်။
ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် နိုင်ပွဲအများဆုံးရယူထားတဲ့ နည်းပြစာရင်းမှာ ၂၆၉ ပွဲနဲ့ စတုတ္ထနေရာမှာ ရှိနေပြီး သူ့ရဲ့နေရာကို အစားထိုးဝင်ရောက်လာမယ့် မာရက်စ်ကာအတွက်တော့ အသင်းရဲ့ အမာခံကစားသမားတွေ တခြားဆီမျက်စိကျနေတာကြောင့် အလုပ်တွေ ပိုမိုခက်ခဲသွားမယ့်ပုံ ပေါ်ပါတယ်။
လောလောဆယ်မှာတော့ ဒီယက်စ်က သူ့ရဲ့ မရေရာတဲ့ အနာဂတ်ကို စဉ်းစားနေရင်းနဲ့ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမား ၂၆ ဦးစာရင်းမှာ ပါဝင်လာလို့ လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ အာရုံစိုက်သွားပါလိမ့်မယ်။ ရူဘင်ဒီယက်စ်ပါဝင်တဲ့ ပေါ်တူဂီအသင်းက အုပ်စု (K) မှာ ကွန်ဂို၊ ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာတို့နဲ့ ရင်ဆိုင်သွားရပါမယ်။