The network connection is lost.

Banner Image

လက်စတာနည်းပြဘဝ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်မှူး ဂျေမီဗာဒီနဲ့ ပြဿနာရှိနေကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ နစ္စတယ်ရွိုင်း

လက်စတာနည်းပြသစ် ဗန်နစ္စတယ်ရွိုင်းက ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့စူပါစတားတိုက်စစ်မှူး ဂျေမီဗာဒီနဲ့ ပြဿနာရှိနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ လက်စတာကနေထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ စတိဗ်ကူပါနေရာမှာ ပြီးခဲ့အပတ်က အစားထိုးခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ 

နယ်သာလန်သားအနေနဲ့ ယခင်က ပီအက်စ်ဗွီမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတာကြောင့် ယခုတစ်ခေါက်ဟာ ဒုတိယအကြိမ်မြောက် နောက်ထပ် အသင်းတစ်သင်းကို တရားဝင်ကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ မကြာသေးမီကလည်း နစ္စတယ်ရွိုင်းဟာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်မှာ ယာယီနည်းပြရာထူးကိုတော့ အချိန်အနည်းငယ် ဆောင်ရွက်ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တိုက်စစ်မှူဟောင်းဟာ သူ့ရဲ့လက်စတာနည်းပြဘဝ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး တိုက်စစ်မှူး ဂျေမီဗာဒီနဲ့သက်ဆိုင်တဲ့မေးခွန်းတစ်ချို့ အမေးခံခဲ့ရပါတယ်။ ဗာဒီဟာ လက်စတာရဲ့ဝါရင့်တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး နစ္စတယ်ရွိုင်းတင်ရှိထားခဲ့တဲ့ ပရီးမီးယားလိဂ်စံချိန် ၁ ခူကို လွန်ခဲ့တဲ့ ၉ နှစ်အကြာက ချိုးဖျက်ထားခဲ့သူလည်းဖြစ်ပါတယ်။ 

လက်စတာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့တဲ့ရာသီမှာ ဗာဒီကလည်း နစ္စတယ်ရွိုင်းတင်ရှိထားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်တဲ့ စံချန်ကို ၁၁ ပွဲဆက်တိုက်ဂိုးသွင်းယူပြီး ရိုက်ချိုးခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော နစ္စတယ်ရွိုင်းက “ကျွန်တော်နဲ့ ဗာဒီတို့ကြားမှာ ပြဿနာရှိနေပါတယ်။ အဲဒါကတော့ သူ ကျွန်တော့်ရဲ့စံချိန်ကို ရိုက်ချိုးခဲ့လို့ပါပဲ” လို့အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အသက်-၄၈ နှစ်အရွယ်နည်းပြက “ကျွန်တော်သူ့ကိုပြောထားတာကတော့ အသင်းက လက်ရှိအချိန်မှာ ကြီးမားတဲ့အခက်အခဲရှိနေပြီး ဒါတွေကို အတူတူကျော်ဖြတ်သွားဖို့လိုတယ်ဆိုတာပါပဲ။ အခုတော့ သူရိုက်ချိုးခဲ့တဲ့စံချိန်က ၉ နှစ်တောင်ကြာမြင့်သွားခဲ့ပါပြီ။ တစ်ခါတလေမှာ အချို့ကိစ္စတွေကလည်း ရူးကြောင်ကြောင်နိုင်ပါတယ်”

“ယူနိုက်တက်ကနေထွက်ခွာလာတဲ့အချိန်မှာ လက်စတာနဲ့စကားတွေပြောဖြစ်ခဲ့ပါတယ်။ အခြားလူတွေနဲ့ စကားပြောရတာက သူတို့အကြောင်းကိုသိရဖို့ အခွင့်အရေးတစ်ခုပါပဲ။ ပြီးတော့ နှစ်ဦးနှစ်ဖက်စိတ်ကျေနပ်ခဲ့ကြပြီး အခုလို အတူတူလက်တွဲဆောင်ရွက်ဖို့ အခွင့်အရေးရလာခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။