လူငယ်ကြယ်ပွင့် ဘရက်ဒလေ ဘာရိုးစ်ကို အက်စတွန်ဗီလာက စံပြကစားသမားတစ်ဦးအဖြစ် သတ်မှတ်ပြီး စာချုပ်သစ် ချုပ်ဆို
အက်စတွန်ဗီလာအသင်းဟာ ဘရက်ဒလေ ဘာရိုးစ်ကို အသင်းရဲ့ အနာဂတ်အတွက် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဒီတစ်ပတ်မှာပဲ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ အသက် ၁၈ နှစ် ပြည့်ခဲ့တဲ့ ဘာရိုးစ်ဟာ ကလပ်အသင်းနဲ့အတူ ရေရှည်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အခုလို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ဗီလာအသင်းကလည်း အလွန်ပဲ ဝမ်းသာပီတိဖြစ်နေပါတယ်။
အသက် ၁၈ နှစ်အရွယ် ဒီလူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက FA လူငယ်ဖလား (FA Youth Cup) ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို၊ ပြီးခဲ့တဲ့ ဩဂုတ်လက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း လူစားလဲဝင်ရောက်ပြီး ပရီမီယာလိဂ် ပွဲဦးထွက်အဖြစ် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် အသင်းကြီးဆီ တဖြည်းဖြည်းချင်း တက်လှမ်းလာနိုင်နေပြီလည်း ဖြစ်ပါတယ်။
အကယ်ဒမီမန်နေဂျာဖြစ်သူ မာ့ခ်ဟယ်ရစ်ဆင်ကလည်း ဒီသတင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့ရာမှာတော့ အခုစာချုပ်သစ်ဟာ ဘာရိုးစ်အတွက် အသင်းကြီးနည်းပြ အူနိုင်းအမ်မရီရဲ့ လက်အောက်မှာ ပိုမိုတောက်ပလာစေမယ့် အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။
"ဘရက်ဒ်က အခုလို ရေရှည်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ပဲ ဝမ်းသာမိပါတယ်၊ သူဟာ ပြီးခဲ့တဲ့ ၁၈ လတာကာလအတွင်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူပါ။ ဂိုးတွေ ဖန်တီးနိုင်သလို ကိုယ်တိုင်လည်း သွင်းယူနိုင်တဲ့ တိုက်စစ်ကစားသမားတစ်ဦးအဖြစ် သူ့ရဲ့ တိုးတက်လာမှုအပေါ် ကျွန်တော်တို့ အလွန်ကျေနပ်မိပါတယ်။ ဒါ့အပြင် သူ့မှာ ထူးချွန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အကျင့်စာရိတ္တတွေ ရှိနေတာကလည်း သူ့အတွက်ရော သူ့မိသားစုအတွက်ပါ ဂုဏ်ယူစရာပါပဲ" လို့ ဟယ်ရစ်ဆင်က ပြောပါတယ်။
"သူဟာ ကျွန်တော်တို့ အကယ်ဒမီက လူငယ်ကစားသမားတွေအတွက် စံပြတစ်ဦး ဖြစ်တာ သေချာပါတယ်။ အခုစာချုပ်ကနေတစ်ဆင့် သူဟာ အသင်းကြီးရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် အောင်မြင်စွာ ကူးပြောင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ မျှော်လင့်ထားပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
ဘာရိုးစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်-၂ (Premier League 2) ပြိုင်ပွဲမှာ ၁၀ ပွဲသာ ကစားရသေးပေမဲ့ ၉ ဂိုးအထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် FA လူငယ်ဖလား ၄ ပွဲမှာ ၅ ဂိုးနဲ့ UEFA လူငယ်လိဂ်မှာလည်း ၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။