တန်းဆင်းဇုန်တိုက်ပွဲပိုမိုပြင်းထန်လာချိန် အရှုံးမပေးဘဲ ဆက်တိုက်ပွဲဝင်ကြဖို့ ဝက်စ်ဟမ်းအသင်းဖော်တွေဆီ ဘိုဝင်တိုက်တွန်း
တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန်တိုက်ပွဲ ပိုမိုပြင်းထန်လာမှုနဲ့အတူ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်က အင်္ဂလန်အဆင့်မြင့်တန်းမှာ ဆက်ရှိနေနိုင်ဖို့အတွက် အသင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အက်စတွန်ဗီလာက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းသွားပေမဲ့ ဧည့်သည်ဝက်စ်ဟမ်းကတော့ တန်းဆင်းဇုန်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ လက်ရှိမှာ ဝက်စ်ဟမ်းဟာ ၃၁ ပွဲကစားအပြီး ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၁၈ မှာ ရပ်တည်နေပြီး အမှားခံလို့မရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
တန်းဆင်းဇုန်တိုက်ပွဲရဲ့အခြားပွဲစဉ်တစ်ခုမှာတော့ အဆင့် ၁၇ နေရာရှိ တော့တင်ဟမ်က ဘ၀တူပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
"ဒီနေ့ပွဲရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မိမိကိုယ်ကိုယ်ပဲ အာရုံစိုက်ရပါမယ်" လို့ ဘိုဝင်က Sky Sports ကို ပြောပါတယ်။
"နိုင်ငံတကာပွဲစဉ်တွေကြောင့် နားရက်ရတုန်းမှာ သေချာပြင်ဆင်ပြီး ရာသီပိတ်ပွဲစဉ်တွေအတွက် အစွမ်းကုန်ပြန်လာရပါမယ်။ အမှန်အတိုင်းဝန်ခံရရင် ဒီနေ့ပွဲစဉ်မှာ ပြိုင်ဘက်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ဒါကို ဝန်ခံဖို့ ခက်ခဲပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုတာ မှန်ကန်ပါတယ်။
ကျွန်တော်တို့ရဲ့အခြေအနေ အဆိုးကြီးမဟုတ်သေးဘူးလို့ ခံစားရပါတယ်။ အခုချိန်ထိ ကြိုးစားလာသမျှတွေကို ဒီရှုံးနိမ့်မှုကြောင့် အလဟဿ အဖြစ်မခံနိုင်ပါဘူး။ ဒီရာသီက ကျွန်တော်တို့အတွက် လုံးဝမကောင်းခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့အတွက် ဆက်ပြီး တိုက်ပွဲဝင်သွားရပါမယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
နိုင်ငံတကာပွဲစဉ်တွေအပြီး ဧပြီ ၅ ရက်မှာ ဝက်စ်ဟမ်းက အက်ဖ်အေဖလားကွာတားဖိုင်နယ်အဖြစ် လိဒ်ကို အိမ်ကွင်းမှာ လက်ခံကစားရဖို့ရှိပြီး ဧပြီ ၁၀ ရက်မှာတော့ အမှတ်ပေးဇယားအောက်ရှိ ဝုဗ်နဲ့ အရေးကြီးလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။