လက်ထောက်နည်းပြဖြစ်သူနဲ့ အန်းစလော့ကို လူမှားခဲ့တဲ့ ရယ်ရွှင်ဖွယ်ဖြစ်ရပ်အကြောင်း ဖွင့်ဟလာတဲ့ တော့တင်ဟမ်နည်းပြတူဒေါ
လွန်ခဲ့တဲ့သီတင်းပတ်ကုန်ကာလ၊ လက်ထောက်နည်းပြဖြစ်သူ အလန်ဒစ်ဆင်နဲ့ အန်းစလော့တို့ကို အမှတ်မှားမိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် တော့တင်ဟမ်နည်းပြအီဂေါတူဒေါက ရယ်ရယ်မောမောဖြင့် ပယ်ချလိုက်ပါတယ်။
လီဗာပူးနဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး X လူမှုကွန်ရက်အသုံးပြုသူတွေက တူဒေါကို အလွဲအမှားတစ်ခုပြုလုပ်ခဲ့တယ်ဆိုပြီး ရေးသားပြောဆိုခဲ့ကြပါတယ်။
"ကျွန်တော်နဲ့အတူ နေ့စဉ်နေ့တိုင်း ၁၀ နာရီလောက်အချိန်ကုန်ဆုံးနေတဲ့သူကို မမှတ်မိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ကျွန်တော် ထွက်လာပြီးတော့ သူဘယ်သူလဲဆိုတာ မသိဘူး ဖြစ်နေမလား။ ဒါက တကယ်ကို ရယ်စရာကောင်းတဲ့ ကိစ္စပါပဲ" လို့ တူဒေါက ပြောပါတယ်။
သူက ဆက်ပြီး "အခု ဗုဒ္ဓဟူးနေ့မှာတော့ ကျွန်တော်တို့က စနောက်တဲ့အနေနဲ့ တမင်တကာကို လုပ်ပြလိုက်ပါသေးတယ်။ အခုကစပြီး ကျွန်တော် သူ့ကို 'အာနယ်' လို့ပဲ ခေါ်တော့မယ်။ သူက အလန် မဟုတ်တော့ဘူး၊ အာနယ်ပါ" လို့ ဆိုပါတယ်။
ဒါ့အပြင် "ဘာဖြစ်တာလဲဆိုတော့ ခရိုအေးရှားမှာရှိတဲ့ ကျွန်တော့်ရဲ့ အသက်-၂၀ နှစ်အရွယ်သားဖြစ်သူက ဖုန်းဆက်ပြီး အဖေ ဒီလိုအမှားမျိုး လုပ်လို့ ခရိုအေးရှားမှာ လူတိုင်းလှောင်နေကြတယ်လို့ ပြောပါတယ်။ ကျွန်တော်ကလည်း 'ဘာအမှားလဲ' လို့ ပြန်မေးပြီးတော့ 'ဒီလူက ဘယ်သူလဲဆိုတာ မင်းသိလား' လို့ သူ့ကို ပြန်ပြောလိုက်ပါတယ်" လို့လည်း တူဒေါက ပြောပြခဲ့ပါတယ်။
"သူက အလန်ဒစ်ဆင်ပါ၊ ကျွန်တော် သူနဲ့ တစ်နေကုန် အတူရှိနေတာပါ။ ကျွန်တော် ထွက်လာတော့ သူက ကျွန်တော့်ရဲ့ နည်းပြခုံတန်းရှေ့မှာ ရပ်နေတာလေ။ အဲဒီနေရာမှာ ကျွန်တော့်အသင်းရဲ့လူမဟုတ်ရင် တခြားဘယ်နည်းပြက ရှိနေမှာလဲ။ အဲဒါက ကျွန်တော့်ရဲ့နည်းပြဧရိယာလေ။ သူ အဲဒီမှာရှိနေလို့ ကျွန်တော်က သူ့ကို စနောက်ဖို့အတွက် သွားခဲ့တာပါ။ ပြောရရင် ကျွန်တော်က ဘေးဘက်မှကပ်သွားပြီး သူ့ကို ပုတ်လိုက်တယ်၊ ပြီးတော့ နောက်တစ်ဖက်ဆီ ကူးသွားခဲ့တာပါ။ သူလှည့်ကြည့်တဲ့အခါ ကျွန်တော် အံ့သြမသွားပါဘူး၊ ရယ်ပဲရယ်နေခဲ့တာပါ။ ခရိုအေးရှားကလူတွေကတော့ အလန်ဒစ်ဆင် ဘယ်သူလဲဆိုတာ မသိကြလို့ အခုလို ထင်နေကြတာ ဖြစ်နိုင်ပါတယ်" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။