မက်ဒရစ်ဒါဘီနိုင်ပွဲဖြင့် ဘာစီလိုနာကို အနီးစပ်ဆုံးဖိအားပေးထားတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ် ၃-၂ အက်သလက်တီကိုမက်ဒရစ် (ပွဲပြီးရလဒ်)
အခုဘာနေဗျူးကွင်း၊ မက်ဒရစ်ဒါဘီမှာ နှစ်ဖက်အသင်းကစားသမားတွေရဲ့ အကြိတ်အနယ်ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားမှုအပြင် အပြန်အလှန်သွင်းဂိုးတွေကိုပါ မြင်တွေ့ခဲ့ရလို့ အတော်လေးစိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အပြီးမှာတော့ အေတီကိုက လွတ်ခ်မန်းရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဗင်နီစီးယက်စ်က ပင်နယ်တီမှတဆင့် ချေပဂိုး၊ ဗယ်လ်ဗာဒီက ဦးဆောင်ဂိုးတို့ကို သွင်းယူခဲ့လို့ အိမ်ရှင်တို့ ပွဲကို ပြန်လည်အသာစီးရယူသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မိုလီနာက အေတီကိုအတွက် ချေပဂိုးကို လှပတဲ့အဝေးကန်ချက်ဖြင့် ကန်သွင်းယူခဲ့ပြီး အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ဗင်နီစီးယက်စ်က ပွဲချိန် ၇၂ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မတ်လနိုင်ငံတကာသီတင်းပတ်မတိုင်ခင် လာလီဂါချန်ပီယံပြေးလမ်းမှာ အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်က လေးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။