The network connection is lost.

Banner Image

လာလီဂါမှာ တန်းတင်ကျန်ရစ်နိုင်ပေမဲ့ နည်းပြလစ်စီနဲ့ လမ်းခွဲခဲ့တဲ့ အိုဆာဆူနာ

အသက် ၄၀ နှစ်အရွယ်အလက်စီယိုလစ်စီက အိုဆာဆူနာအသင်းနည်းပြရာထူးမှာ ဆက်မရှိနေတော့ပါဘူး။ ဒီအကြောင်းအရာကို မေ ၂၅ ရက်၊ တနင်္လာနေ့မွန်းလွဲပိုင်းမှာ အိုဆာဆူနာက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး အသင်းရဲ့ရာသီနှောင်းပိုင်းရလဒ်ပို်ငးဆိုးရွားမှုတွေကို မီးမောင်းထိုးထောက်ပြခဲ့ပါတယ်။
 
"အိုဆာဆူနာအသင်းကို ဦးဆောင်ခဲ့တဲ့ ရာသီတစ်လျှောက် အီတလီလူမျိုးနည်းပြရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်မှုနဲ့ အသင်းအပေါ်ထားရှိတဲ့ ကတိကဝတ်တွေအတွက် ကလပ်အသင်းက ကျေးဇူးတင်ရှိပါတယ်" လို့ နာဗာရီအခြေစိုက်ကလပ်အသင်းက ပြောကြားခဲ့ပါတယ်။
 
ရာသီအစပိုင်းမှာ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေခဲ့ပေမဲ့ ရာသီနှောင်းပိုင်းရောက်ရှိလာချိန် တန်းဆင်းဇုန်အန္တရာယ်နဲ့ပါ ရင်ဆိုင်ခဲ့ရလို့ အသင်းဘုတ်အဖွဲ့နဲ့ နည်းပြလစ်စီအကြား ၂၀၂၇ ခုနှစ်၊ ဇွန် ၃၀ ရက်အထိသက်တမ်းရှိမယ့်စာချုပ်ကို ရပ်ဆိုင်းဖို့ နှစ်ဖက်သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
 
ဒီဆုံးဖြတ်ချက်အရ ပမ်ပလိုနာအခြေစိုက်ကလပ်အသင်းက လစ်စီရဲ့နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ အယ်လ်ဘာတိုဂီနက်စ်၊ ဒါရီယိုနာဗာရို၊ ဂျန်လူကာထရွိုင်းလိုနဲ့ ဂျိုအန်ဂါစီယာတို့ကိုလည်း တပါတည်းထုတ်ပယ်ခဲ့ပါတယ်။
 
"အိုဆာဆူနာအသင်းအနေနဲ့ လစ်စီရော၊ သူ့ရဲ့အဖွဲ့သားတွေပါ ရှေ့ဆက်ရမယ့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းခွင်နယ်ပယ်အသီးသီးမှာ အောင်မြင်ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" လို့ အသင်းရဲ့ထုတ်ပြန်ချက်မှာ နိဂုံးချုပ်ဖော်ပြထားပါတယ်။