The network connection is lost.

Banner Image

ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုရရှိထားချိန် အေတီကိုမှထွက်ခွာဖို့ လမ်းဖွင့်ထားတဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်

ဂျူလီယန်အယ်လ်ဗာရက်ဇ်က အခုနွေရာသီကာလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းမှ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့အကြောင်း အသင်းဆီ အသိပေးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ကို ခေါ်ယူဖို့အတွက် ထိပ်တန်းကလပ်အသင်းအချို့ရဲ့စိတ်ဝင်မှုလည်း ရှိနေပြန်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အယ်လ်ဗာရက်ဇ်က အခုဘောလုံးရာသီ၊ အေတီကိုအတွက် ၄၉ ပွဲကစား၊ ဂိုး ၂၀ သွင်းယူကာ ဂိုးဖန်တီးမှုကိုးကြိမ်အထိ ပြုလုပ်ပေးထားတဲ့ အသင်းရဲ့ အဓိကကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Marca သတင်းဌာနရဲ့ဖော်ပြချက်အရ အသင်းရဲ့ စံချိန်တင်စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကြောင့် အက်သလက်တီကိုအသင်း တုန်လှုပ်သွားတယ်လို့ သိရပါတယ်။

အသင်းဘက်ကတော့ သူ့ကို ကာလရှည်စာချုပ်သစ် ထပ်မံချုပ်ဆိုချင်နေပြီး တစ်နှစ်ကို လစာ ယူရို ၁၀ သန်းအထိ ရရှိမယ့် အခွင့်အလမ်းမျိုးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီကမ်းလှမ်းမှုက သူ့ကို ဒီယေဂိုဆီမြွန်နီရဲ့အသင်းမှာ တခြားကစားသမားတွေထက် သိသိသာသာပိုများတဲ့ လစာအများဆုံးရသူဖြစ်လာနိုင်စေပေမဲ့ အယ်လ်ဗာရက်ဇ်ကတော့ ဒါကို စိတ်မဝင်စားခဲ့ပါဘူး။

ဒီတိုက်စစ်မှူးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၃၀ ပြည့်နှစ်၊ နွေရာသီမှာ ကုန်ဆုံးဖို့ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုသန်း ၅၀၀ အထိ အဆမတန်သတ်မှတ်ထားပါတယ်။

လတ်တလောမှာ ဘာစီလိုနာက အယ်လ်ဗာရက်ဇ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ အပြင်းအထန်ထွက်ပေါ်နေသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိနေတဲ့ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ကလည်း ကစားသမားကို စိတ်ဝင်စားနေကြပါတယ်။