The network connection is lost.

Banner Image

အီဇီရဲ့ အံ့အားသင့်ဖွယ်ဂိုးအပြီးမှာ သူ့ရဲ့တိုးတက်လာမှုတွေအကြောင်း အာတီတာ အသေးစိတ်ပြောကြား

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက လေဗာကူဆင်ကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အီဇီရဲ့ ခြေစွမ်းပြသမှုအပေါ် နည်းပြ အာတီတာက အတော်လေး သဘောကျကျေနပ်နေပါတယ်။ အီဇီက အံ့အားသင့်ဖွယ် ကောင်းမွန်တဲ့ ကန်ချက်နဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်အောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အာတီတာက ဒီကွင်းလယ်လူရဲ့အကြောင်းနဲ့ ဒီရာသီအတွင်း သူ့ရဲ့ တိုးတက်လာမှုတွေကို အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ ပွဲစကတည်းက အရမ်းကောင်းခဲ့ပါတယ်။ နေရာစုံကနေ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့တယ်၊ သူတို့ဂိုးသမား လက်စွမ်းပြနေလို့သာ ပွဲက ဆက်သွားနေတာပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို ဦးဆောင်ဂိုးရစေဖို့ အီဇီဆီကနေ မှော်ဆန်တဲ့ အခိုက်အတန့်နဲ့ အံ့ဩဖို့ကောင်းတဲ့ ကန်ချက်တစ်ခု လိုအပ်ခဲ့တာပါ" လို့ အာတီတာက ဆိုပါတယ်။

"သူက အခု သုံးရက်တစ်ပွဲလောက် ကစားနေရတော့ ကစားဟန် စည်းချက်မိနေပြီ။ အသင်းဖော်တွေနဲ့ နားလည်မှုလည်း ရှိနေသလို ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာကိုလည်း သူနားလည်နေပါပြီ။ အထူးသဖြင့် ဘောလုံးရှိနေချိန်ရော၊ မရှိချိန်မှာပါ သူ လှုပ်ရှားသွားလာတာတွေ၊ ဂိုးဧရိယာနားမှာ သူပြသတဲ့ စိတ်အားထက်သန်မှုတွေက တကယ်ကို ကောင်းပါတယ်။ အခုလို အခိုက်အတန့်တွေကို ဖန်တီးပေးဖို့အတွက်ပဲ သူက ဒီအသင်းကို ရောက်နေတာပါ" လို့လည်း ဆက်ပြောပါတယ်။

"သူက အသင်းဖော်တွေနဲ့ အပေးအယူ ပိုတည့်လာသလို ကျွန်တော်တို့ကလည်း သူ့ကို အရင်ကထက် ပိုနားလည်လာကြတယ်။ ပွဲကို အနိုင်ရစေမယ့် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခု လုပ်နိုင်လိုက်ရင် ကစားသမားတစ်ယောက်ရဲ့ ယုံကြည်မှုက အလိုလို တက်လာတတ်ပါတယ်။ ဒါက ကစားသမားတိုင်းအတွက် လိုအပ်တဲ့အရာပါ" လို့ အာတီတာက သုံးသပ်ပြပါတယ်။

ဒါ့အပြင် အာတီတာက "သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးနဲ့ ယှဉ်ကြည့်ရင် အခုက အရင်ရာသီတွေထက် ပိုပြီး ပွဲကစားချိန် အများကြီး ရနေပါတယ်။ ဒါက သူ့ရဲ့ တည်ငြိမ်မှုနဲ့ ကြံ့ခိုင်မှုကို ပြနေတာပါ။ ဒီနေ့မှာတော့ သူ့ကို လူစားလဲခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ သူ ပွဲတွေ အများကြီး ဆက်တိုက် ကစားထားလို့ပါ။ ဒါပေမဲ့ သူကတော့ သူ့အပေါ်ထားတဲ့ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေကို အကောင်းဆုံး ကိုင်တွယ်နိုင်နေပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘောလုံးမရှိချိန်မှာ ပြိုင်ဘက်ကို ဖိအားပေးကစားတာနဲ့ ပတ်သက်လို့လည်း နည်းပြက အခုလို ဆိုပါတယ်။ "ဒါမျိုး မလုပ်နိုင်ရင် ဒီအသင်းမှာ ကစားဖို့ အခွင့်အရေး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ လူတိုင်းက ဒါကို လုပ်ကြလို့ပါ။ အဲဒါကပဲ ကျွန်တော်တို့ ပွဲတိုင်းလိုလို အနိုင်ရနေပြီး ပြိုင်ဘက်ကို ဂိုးမပေးရအောင် ကာကွယ်နိုင်တဲ့ လျှို့ဝှက်ချက်ပါပဲ။ အီဇီက ဒါကို လုပ်နိုင်တယ်၊ လုပ်ဖို့လည်း ဆန္ဒရှိတယ်။ နေ့တိုင်းလည်း ပိုပိုပြီး တော်လာနေပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။