ပညာရေးကို ဦးစားပေးရမှာမို့ ဒိုမန်ကို ကွင်းထဲမှာအမြဲတမ်းမြင်တွေ့ရဖို့မလွယ်သေးကြောင်းပြောကြားလာတဲ့ ရွန်းနီ
ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားကြီး ဝိန်းရွန်းနီက လူငယ်ကြယ်ပွင့် မက်ဇ်ဒိုမန်အနေနဲ့ အာဆင်နယ်အသင်းမှာ ဘာကြောင့် ပွဲထွက်ခွင့် အများကြီးမရနိုင်သေးတာလဲဆိုတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
နည်းပြ အာတီတာလက်အောက်မှာ ခြေစွမ်းတွေ တဟုန်ထိုးတိုးတက်လာတဲ့ ဒိုမန်ဟာ ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဇယားထိပ်မှာ ၉ မှတ်အထိ ဖြတ်နိုင်အောင် ကူညီပေးခဲ့သူပါ။
အဲဒီဂိုးကြောင့်ပဲ ဒိုမန်ဟာ အသက် ၁၆ နှစ်နဲ့ ၇၃ ရက်နဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။ အသင်းကြီးမှာ ခြေစွမ်းပြပြီး နေရာစရနေတဲ့ ဒီလူငယ်လေးရဲ့ အနာဂတ်ဟာ တကယ်ကို တောက်ပနေတာပါ။
ဒါပေမဲ့ ဒိုမန်က အသင်းမှာ အဆင့်ဆင့်တက်လှမ်းလာနိုင်ပေမဲ့လည်း လက်ရှိမှာ ပညာရေးကိစ္စတွေ အဆုံးသတ်ဖို့ ရှိနေသေးတာကြောင့် သူ့ကို ကွင်းထဲမှာ မကြာခဏ မြင်တွေ့ရဦးမှာ မဟုတ်ဘူးလို့ ရွန်းနီက ယူဆနေပါတယ်။
"သူ့မှာ GCSE စာမေးပွဲတွေ ရှိနေသလို သူ့အတွက်ရော၊ သူ့မိသားစုအတွက်ပါ ပညာရေးက အရမ်းအရေးကြီးပါတယ်။ အသင်းကြီးနဲ့အတူ ရှိနေရတာက သူ့အတွက် အခွင့်အရေးကောင်းပါပဲ။ ကျောင်းတက်နေတုန်းမှာတင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးမျိုး ရနေတာပါ။ သူ့မှာ ထူးခြားတဲ့ အငွေ့အသက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတာကို အဲဗာတန်နဲ့ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ တကယ်လို့ ပညာရေးကို ဦးစားပေးမယ်ဆိုရင်တော့ ရှေ့လာမယ့် အပတ်တွေမှာ သူ့ကို ပွဲထွက်လူစာရင်းမှာ သိပ်မြင်ရမှာ မဟုတ်ပါဘူး။ သူကိုယ်တိုင်ကတော့ ကစားချင်မှာဖြစ်ပေမဲ့ သူ့အတွက် အနာဂတ်မှာ ကစားသမားဘဝ နှစ်ပေါင်းများစွာ ကျန်ပါသေးတယ်" လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။
ဒိုမန်ဟာ အာဆင်နယ်အသင်းကို ကိုယ်စားပြုတဲ့ ကစားသမားတွေထဲမှာရော၊ ပရီးမီးယားလိဂ်မှာပါ အသင်းဖော် အီသန်နွာနီရီပြီးရင် ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
အသင်းကြီးမှာ ပါဝင်ကစားပြီး ခြေစွမ်းပြနေပေမဲ့လည်း ဘောလုံးနဲ့ ကျောင်းပညာရေးကြား မျှတအောင် ကြိုးစားနေရတာကြောင့် သူ့အတွက်ရော မိသားစုအတွက်ပါ ပညာရေးက အရေးကြီးဆုံး ဖြစ်နေဦးမှာ ဖြစ်ပါတယ်။