စူပါဖလားက အက်စတွန်ဗီလာရဲ့ တိုးတက်မှုကို ပြသခွင့်ရစေတယ်လို့ အူနိုင်းအမ်မရီဆို
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပီအက်စ်ဂျီနဲ့ မနက်ဖြန်မနက် ကစားမယ့် ဥရောပစူပါဖလားပွဲစဉ်က အသင်း ဘယ်လောက်အထိ တိုးတက်လာခဲ့လဲဆိုတာ ပြသဖို့အတွက် နောက်ထပ် အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
အက်စတွန်ဗီလာက ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားရရှိထားတဲ့ ပီအက်စ်ဂျီ နဲ့ ဆဲလ်ဘတ်မြို့မှာ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
ဒီပွဲစဉ်က ဗီလာအတွက် ဥရောပစူပါဖလားပွဲစဉ်ကို ဒုတိယအကြိမ်ကစားရခြင်းလည်း ဖြစ်လာခဲ့ပါတယ်။
အမ်မရီက“ကျွန်တော်တို့ အောင်မြင်မှုတွေ ရနေတယ်ဆိုရင် ဒါက အသင်းရော ကစားသမားတွေပါ ဘက်ပေါင်းစုံမှာ ကောင်းမွန်တဲ့ တိုးတက်မှုနေလို့ပါပဲ။ အဲဒီကနေတစ်ဆင့် ဘောလုံးလောကမှာ ပရိသတ်တွေ တိုးလာနိုင်သလို အသင်းရဲ့ Brand ကိုလည်း ပိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။
စူပါဖလားပွဲစဉ်ကစားရတာက ဗီလာအတွက် အဓိဥဆုဖလားတစ်ခု ဆွတ်ခူးနိုင်ဖို့နဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အတောင့်တင်းဆုံးအသင်းတွေထဲကတစ်သင်းနဲ့ ရင်ဆိုင်နိုင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးအပ်လိုက်တာ ဖြစ်တယ်လို့ အမ်မရီက ပြောပါတယ်။
အမ်မရီက “စူပါဖလားပွဲစဉ် ကစားရတာက ဆုဖလားတစ်လုံးရယူနိုင်ဖို့ အခွင့်အရေးဖြစ်သလို၊ တခြားအသင်းတွေထက်စာရင် လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်ရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီက ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် သူတို့က ဒီဖလားကိုဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ အသင်းတစ်ခုအဖြစ် စုပေါင်းလုပ်ဆောင်မှု၊ တစ်ဦးချင်းအရည်အသွေး၊ ကျွန်တော်ကိုယ်တိုင် လူးဝစ်အင်းနရစ်နဲ့ ယှဉ်ပြိုင်ရမှုတွေက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ ဖြစ်စေပါတယ်။”လို့ ပြောခဲ့ပါတယ်။