ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အန်းဒရစ်ခ်ကို ခေါ်ယူဖို့ ယူနိုက်တက်ကို ပက်ထရစ်အီဗာရာ တိုက်တွန်း
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ပက်ထရစ်အီဗာရာက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အန်းဒရစ်ခ်နဲ့ သူ့ရဲ့တောက်ပတဲ့ အနာဂတ်အကြောင်း ပြောကြားခဲ့ပါတယ်။
ရီးရဲလ်ကနေ အိုလံပစ် လိုင်ယွန်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတဲ့ အန်းဒရစ်ခ်ဟာ ပြင်သစ်ကလပ်ကြီးအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၅ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးထားကာ အားလုံးကို အထင်ကြီးအောင် ဆက်လက်စွမ်းဆောင်နေပါတယ်။
ဒီဘရာဇီးလ်ကစားသမားလေးဟာ လိုင်ယွန်ကို မပြောင်းခင်တုန်းက မန်ချက်စတာယူနိုက်တက်အပါအဝင် ကလပ်အသင်းတော်တော်များများနဲ့ သတင်းထွက်ခဲ့ဖူးပြီး ယူနိုက်တက်က သူ့ကိုခေါ်ယူဖို့ တကယ်ကို စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။
အီဗာရာက Stake နဲ့ အင်တာဗျူးမှာ အနာဂတ်အလားအလာ အရမ်းကောင်းတဲ့ အသက် ၁၉ နှစ်အရွယ် ကစားသမားလေးကို ယူနိုက်တက်အနေနဲ့ ခေါ်ယူသင့်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်က အန်းဒရစ်ခ် ဘရာဇီးမှာ ရှိကတည်းက သူ့ကစားတာကို ကြည့်ရတာ ကြိုက်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်မှာ ဖြစ်ခဲ့တာတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အခု လိုင်ယွန်မှာ သူ ခြေစွမ်းပြနေပါပြီ။ လိုင်ယွန်က ဂျူရင်ဟိုတို့လိုမျိုး ဘရာဇီးလ်ကစားသမားတွေကို ခေါ်ယူပြီး သူတို့ရဲ့ ကစားသမားဘဝ ပြန်လည်ဦးမော့လာအောင် လုပ်ပေးနိုင်တဲ့ ရာဇဝင်ကောင်းတွေ ရှိပါတယ်" လို့ အီဗာရာက ဆိုပါတယ်။
ဒါ့အပြင် "အန်းဒရစ်ခ်က ဘော်ဘီချာလ်တန်ဟာ သူ့ရဲ့ စံပြပုဂ္ဂိုလ် ပါလို့ ပြောတုန်းက ကျွန်တော်တောင် မယုံနိုင်ခဲ့ပါဘူး၊ တကယ်ကို အံ့ဩစရာပါပဲ။ ဂန္ထဝင်ကြီး ဆာဘော်ဘီချာလ်တန် ကောင်းရာသုဂတိလားပါစေ။ အန်းဒရစ်ခ်ရေ ယူနိုက်တက်ကိုသာ လာခဲ့ပါ၊ ချာလ်တန်က မင်းရဲ့ စံပြပုဂ္ဂိုလ်ဆိုရင် မင်းကို ကျွန်တော်တို့ ပိုပြီးတော့တောင် နွေးနွေးထွေးထွေး ကြိုဆိုနေမှာပါ" လို့လည်း ပြောခဲ့ပါတယ်။
"ကျွန်တော့်ကို ယုံပါ၊ အန်းဒရစ်ခ်ဟာ ယူနိုက်တက်အတွက် အကောင်းဆုံး ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ သူက ဘင်ဂျမင်ဆက်စကို ဒါမှမဟုတ် ဘရိုင်ယန် အမ်ဘီယူမိုတို့နဲ့ မတူပါဘူး။ အခုချိန်မှာ ယူနိုက်တက်အတွက် ကမ္ဘာပေါ်က ပေါက်ကွဲအားကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ရမယ်ဆိုရင် ကျွန်တော်ကတော့ အန်းဒရစ်ခ်ကိုပဲ ရွေးချယ်မှာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
အကယ်၍ အန်းဒရစ်ခ်က ဒီခြေစွမ်းအတိုင်း ဆက်သွားနိုင်ရင် အယ်လ်ဗာရို အာဘီလိုအာရဲ့ ရီးရဲလ်မက်ဒရစ် စီနီယာအသင်းမှာ ပြန်ပါလာနိုင်ပေမဲ့ နွေရာသီမှာတော့ စပိန်ကလပ်က ဒီတောင်ပံကစားသမားလေးကို ရောင်းထုတ်ပြီး အမြတ်ထုတ်ဖို့ ရှိနေတာကြောင့် ဒါဟာ ယူနိုက်တက်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။