ဒီအိုမန်ဒီရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀စတင်မှုကို စိတ်ရှည်သည်းခံပေးကြဖို့ တိုက်တွန်းလိုက်တဲ့ လူးဝစ်ဖီဂို
ဒီအိုမန်ဒီရဲ့တိုးတက်မှုအခြေအနေအပေါ် ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ စိုးရိမ်နေစရာ မလိုပါဘူးလို့ ကလပ်ဂန္တဝင်လူးဝစ်ဖီဂိုရဲ့အဆိုအရ သိရပါတယ်။
ဒီအိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားက နွေရာသီကာလအတွင်း လိုက်ပ်ဇစ်မှ မက်ဒရစ်ဆီ ငွေလုံးငွေရင်းပမာဏကြီးမားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။ ဒီသဘောတူညီမှုမှာ သတ်မှတ်ထားတဲ့ အပိုထပ်ဆောင်းဆုကြေးတွေ ပြည့်မီသွားမယ်ဆိုရင် ပေါင်သန်း ၁၂၀ (ယူရို သန်း ၁၄၀)အထိ ရှိလာနိုင်ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ်က ဒီအိုမန်ဒီအတွက် ၂၀၂၅ ခုနှစ်မှာပေးချေခဲ့ရတဲ့ ယူရိုသန်း ၂၀ထက် ပိုမိုများပြားတဲ့ အမြတ်အစွန်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဝါရင့်နည်းပြမော်ရင်ဟိုကလည်း အသက် ၁၉ နှစ်အရွယ်လူငယ်ကစားသမားရဲ့ လာလီဂါ ကစားသမားဘဝအစောပိုင်းကာလမှာ ဖိအားတွေအများကြီး မပေးချင်လို့ သူ့ကို အသင်းနဲ့ တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာအောင် ပွဲထုတ်ပေးနေပါတယ်။
ဒီအိုမန်ဒီက အခုရာသီ၊ စပိန်ထိပ်တန်းလိဂ်ပွဲစဉ် ခုနစ်ပွဲ ပါဝင်ကစားပေးထားပေမဲ့ ပွဲထွက်လူစာရင်းမှာ နှစ်ကြိမ်သာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ပရိသတ်တချို့ကိုယ်တိုင် ကစားသမားရဲ့တိုးတက်မှုအပေါ် စိတ်မရှည်ကြတော့ပေမဲ့ ဖီဂိုကတော့ စိတ်အေးအေးထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဖီဂိုက " ဒီအိုမန်ဒီ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်သွားနေတယ်ဆိုတာ ပုံမှန်ပါပဲ။ အသင်းနဲ့ အသားကျဖို့အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ကစားရတယ်ဆိုတာ တခြားကလပ်အသင်းတစ်ခုအတွက် ကစားပေးရတာနဲ့ မတူပါဘူး"
"သူက ရီးရဲလ်မက်ဒရစ်ရဲ့အနှစ်သာရကို အသားကျလာနေသလို ပိုမိုပြီးတော့လည်း တိုးတက်လာနေပါတယ်။ လာမယ့်ပွဲစဉ်တွေမှာ သူက အသင်းအတွက် ပိုမိုအကျိုးပြုသွားနိုင်ဖို့ရှိနေပြီး ပိုပြီး ထင်ရှားပေါ်လွင်လာလိမ့်မယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်အပြီး ရီးရဲလ်မက်ဒရစ်က အောက်တိုဘာ ၁၀ ရက်၊ အိမ်ကွင်းဘာနေဗျူးမှာ ဗီလာရီးရဲလ်ကို ဧည့်ခံကစားသွားရပါမယ်။