The network connection is lost.

Banner Image

အင်ဖန်တီနိုကို ရာထူးမှ ထုတ်ပယ်ကာ ဘောလုံးလောကကို ကယ်တင်ပေးဖို့ လူးဝစ်ဖီဂိုတောင်းဆို

ဘောလုံးဂန္ထဝင်လူးဝစ်ဖီဂိုက ဖီဖာ(FIFA)ဥက္ကဋ္ဌအင်ဖန်တီနိုကို ရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရှယ်ယာတွေကို ရောင်းချဖို့ ကြံစည်ခဲ့တဲ့ ဖီဖာဥက္ကဋ္ဌရဲ့ မဖြစ်နိုင်တဲ့ စီမံကိန်းကြောင့် ပရိသတ်တွေတင်မက ကမ္ဘာတစ်ဝန်းရှိ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ အကြီးအကျယ်ငြိုငြင်မှုကိုပါ အင်ဖန်တီနို ကြုံတွေ့ခဲ့ရပါတယ်။

ဒီစီမံကိန်းအပေါ် ယူအီးအက်ဖ်အေ (UEFA) က ဦးဆောင်ကာ ကန့်ကွက်ခဲ့ပြီး ဒီစီမံကိန်းရှိနေသရွေ့ ဖီဖာရဲ့ပြိုင်ပွဲအရပ်ရပ်ကို သပိတ်မှောက်သွားမယ်လို့ ယူအီးအက်ဖ်အေအဖွဲ့ဝင် ၅၅ နိုင်ငံက တညီတညွတ်ဆုံးဖြတ်ခဲ့ပါတယ်။ အခုတော့ အငြင်းပွားစရာစံမံကိန်းအဆိုပြုချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့ အင်ဖန်တီနိုကတော့ သူ့ရဲ့ရာထူးကို ဆက်ထိန်းထားနိုင်ဖို့ အသည်းအသန် ကြိုးစားနေရပါတယ်။

လတ်တလောမှာ ဖီဂိုက Daily Mail သတင်းစာနဲ့ ဆိုရှယ်မီဒီယာတွေထက် အသက် ၅၆ နှစ်အရွယ်အင်ဖန်တီနိုကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ နောက်ဆုံးလူ ဖြစ်လာပါတယ်။

"ဒီနေ့မှာတော့ ကျွန်တော်က ဘောလုံးလောကရဲ့အခြားပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီး အင်ဖန်တီနိုကို ဖီဖာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်" လို့ ဖီဂိုက ဆိုပါတယ်။

"အင်ဖန်တီနိုက ဘောလုံးလောကကို အဆင့်မြှင့်တင်ပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့ ဒီရာထူးကို သူကိုယ်တိုင်ပဲ ဂုဏ်သိက္ခာကျအောင် လုပ်ခဲ့ပါတယ်။ သူက လိမ်လည်လှည့်ဖြားခဲ့သလို သူအလုပ်အကျွေးပြုရမယ့် ဘောလုံးအားကစားကို အသုံးချပြီး ကိုယ်ကျိုးရှာဖို့ ကြိုးစားခဲ့ပါတယ်"

"သူ့ရဲ့အဆင့်မြင့်အရာရှိတွေ၊ ရင်းနှီးတဲ့အကြံပေးတွေနဲ့ ဒီအားကစားအတွက် ဘဝကို ပုံအောပေးဆပ်ထားသူအများစုရဲ့ထောက်ခံမှုကို သူ ဆုံးရှုံးသွားပါပြီ။ ဖီဖာငြိမ်းချမ်းရေးဆု ရရှိထားသူရဲ့ထောက်ခံမှုတောင် သူ့မှာ မရှိတော့တဲ့ပုံပါပဲ"

"သူ့ရဲ့ဂုဏ်သိက္ခာကိုကယ်တင်ဖို့တော့ နောက်ကျသွားပါပြီ၊ ဒါပေမဲ့ ဘောလုံးလောကကို ကယ်တင်ဖို့အတွက် အချိန်မနှောင်းသေးပါဘူး။ အခုချက်ချင်းပဲ အင်ဖန်တီနို ထွက်သွားသင့်ပါတယ်" လို့ ဖီဂိုက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အင်ဖန်တီနိုရဲ့စီမံကိန်းတွေ ထွက်ပေါ်လာချိန်မှာပဲ ယူအီးအက်ဖ်အေဘက်ကလည်း ဥပဒေကြောင်းအရ အရေးယူဖို့ စဉ်းစားနေပါတယ်။ ဖိအားတွေအထွဋ်အထိပ်ဆီ ရောက်ရှိနေလို့ အင်ဖန်တီနိုကိုယ်တိုင်လည်း ရာထူးမှ ဖယ်ရှားခံရဖို့ သေချာသလောက် ဖြစ်လာနေပါတယ်။