The network connection is lost.

Banner Image

အာမိုရင်နဲ့ပတ်သက်ပြီး ဒါလော့ ပြောပြခဲ့တဲ့အချက်ကြောင့် အံ့အားသင့်သွားရတယ်လို့ ရီယိုဖာဒီနန် ဝန်ခံ

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ရီယိုဖာဒီနန်ဟာ ဒီယေဂိုဒါလော့နဲ့ စကားပြောဖြစ်ခဲ့ပြီး အဲဒီမှာ ဒါလော့က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ရူဘင်အာမိုရင်အကြောင်း မထင်မှတ်ထားတဲ့ ဝန်ခံချက်တစ်ခု ပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်မှာ ၁၄ လကြာ အလှည့်အပြောင်းတွေနဲ့ ကိုင်တွယ်ပြီးနောက်မှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ၂၀၂၄ နိုဝင်ဘာလမှာ အဲရစ်တန်ဟက်ရဲ့နေရာကို အစားထိုးဖို့ ရောက်ရှိလာခဲ့တဲ့ အာမိုရင်ဟာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်အပြည့်နဲ့ ရောက်လာခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။

ယူနိုက်တက်ဟာ ပေါ်တူဂီနည်းပြရဲ့ အငြင်းပွားဖွယ်ရာ ၃-၄-၃ ကစားကွက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေစဉ်အတွင်းမှာ ခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းတွေ တည်ငြိမ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိရှိနေတဲ့ ကစားသမားတွေရဲ့ အခြေအနေအရ ကစားကွက်ကို ပြောင်းလဲဖို့ တောင်းဆိုမှုတွေရှိနေပေမဲ့ သူကတော့ သူ့ရဲ့ မူဝါဒတွေကို လုံးဝအလျှော့မပေးဘဲ ဆက်လက်ကိုင်စွဲခဲ့ပါတယ်။

အာမိုရင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ကို အဆင့် ၁၅ နဲ့ပဲ ရာသီသိမ်းစေခဲ့သလို၊ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း စပါးကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ တစ်ရာသီလုံး ဥရောပပြိုင်ပွဲတွေနဲ့ လွဲချော်သွားခဲ့ရတာပါ။ အခြေအနေတွေက စိုးရိမ်စရာဖြစ်နေပေမဲ့ ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းခေါင်းဆောင်ပိုင်းတွေက နွေရာသီ အပြောင်းအရွှေ့မှာ အာမိုရင်ကို အပြည့်အဝ ထောက်ခံပေးခဲ့ပြီး မားသီးယပ်စ် ကွန်ဟာ၊ ဘရိုင်ယန် အမ်ဘွေမို၊ ဘင်ဂျမင် ဆက်စ်ကို နဲ့ ဆန်းလန်းမန်းစ် တို့ကို ခေါ်ယူပေးခဲ့ပါတယ်။

ဒါပေမဲ့ တိုးတက်မှုလေးတွေက ခဏတာပဲဖြစ်ခဲ့ပြီး ဘရန့်ဖို့ဒ်လို အသင်းမျိုးကို ဂိုးပြတ်ရှုံးနိမ့်တာတွေက ယူနိုက်တက်အတွက် လက်တွေ့ဘဝကို မြင်စေခဲ့ပါတယ်။ ဒါ့အပြင် ကိုဘီမိုင်နူးလို ကစားသမားတွေအပေါ် အာမိုရင်ရဲ့ ဆက်ဆံပုံတွေက အသင်းကို ဆက်လက်ဦးဆောင်နိုင်စွမ်းအပေါ် ယုံကြည်မှုတွေ လျော့နည်းလာစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘောလုံးဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်အပါအဝင် အသင်းအကြီးအကဲတွေနဲ့ အဆင်မပြေဖြစ်နေတာတွေကို လူသိရှင်ကြား ပေါက်ကွဲပြောဆိုခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်ဟာ သူ့ကို ရာထူးက ထုတ်ပယ်ပြီး မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကားရစ်လက်ထက်မှာ ခြေစွမ်းပြနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ထားပါတယ်။ လက်ရှိမှာတော့ ပရီမီယံလိဂ် ဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ရီယိုဖာဒီနန်က သူရဲ့ "Rio Ferdinand Presents" ပေါ့တ်ကတ်စ်မှာ ဒါးလော့နဲ့ အင်တာဗျူးလုပ်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအင်တာဗျူးကတော့ အခုထိ လူသိရှင်ကြား ထွက်မလာသေးပါဘူး။ အဲဒီမှာ အာမိုရင်အကြောင်းကို ဆွေးနွေးခဲ့ကြပြီး ၄၁ နှစ်အရွယ် နည်းပြအပေါ် ဒါးလော့ရဲ့ ပြောစကားတွေကြောင့် ဖာဒီနန်တစ်ယောက် အံ့အားသင့်သွားခဲ့ရပါတယ်။

ဖာဒီနန်က "နောက်ပြီးတော့... သိတယ်မလား၊ သူ [ဒါလော့] က အာမိုရင်အကြောင်းကို အရမ်းရိုးသားစွာ ပြောပြခဲ့တယ်။ တချို့အချိန်တွေမှာ အံ့ဩစရာကောင်းလောက်အောင်ပါပဲ။ အခုလက်ရှိအသင်းရဲ့ အနေအထားအတွက် အာမိုရင်လက်ထက်က ဘာကြောင့် အရေးကြီးခဲ့သလဲဆိုတာကို သူက ကျွန်တော်တို့ကို ပြောပြခဲ့တယ်။ ဒါကြောင့်... အင်တာဗျူးကို ကြည့်ကြည့်ပါ၊ သူ အဲဒါကို ကျွန်တော့်ကို ပြောလိုက်တဲ့အချိန်မှာ ကျွန်တော်ကတော့ ဝိုး ဆိုပြီး ဖြစ်သွားခဲ့ရတယ်" လို့ ဆိုပါတယ်။

ဖာဒီနန်က ဆက်ပြီး "ဒါပေမဲ့ သူ ရှင်းပြလိုက်တဲ့အခါမှာတော့ သူ ဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်တော် နားလည်သွားပါတယ်။ တကယ့်ကို ပွင့်လင်းရိုးသားတဲ့ စကားဝိုင်းလေးပါ။ ရယ်ရယ်မောမောနဲ့လည်း ပြောဖြစ်ခဲ့ကြတယ်။ ဒါ့အပြင် အသင်းအပေါ်မှာတင် မကဘဲ မန်ချက်စတာမြို့အပေါ်မှာပါ ဒါလော့ရဲ့ သံယောဇဉ် ဘယ်လောက်ကြီးမားနေပြီလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကို မြင်ရတာ တကယ်ကို ဝမ်းသာစရာပါ။ လက်ရှိမှာ ဒါးလော့က အသင်းမှာ သက်တမ်းအရှည်ကြာဆုံး ကစားသမားတွေထဲက ဒုတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။ ယူနိုက်တက်ဟာ လာမယ့် တနင်္လာနေ့မှာတော့ Hill Dickinson ကွင်းမှာ အဲဗာတန်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။