လီဗာပူးရဲ့စီမံကိန်းအလုပ်ဖြစ်စေဖို့ အီရီအိုလာအတွက် ကံတရားလည်း လိုအပ်တယ်လို့ ကလော့ပ်ပြောကြား
ယာဂန်ကလော့ပ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမစတင်မီ လီဗာပူးအသင်းနည်းပြသစ်အီရာအိုလာအတွက် အကြံပြုချက်အချို့ ပေးပို့ခဲ့ပါတယ်။
ကလော့ပ်က လီဗာပူးအသင်းကို ပြည်တွင်းမှာသာမက ဥရောပအဆင့်အထိပါ ပြန်လည်ထိုးဖောက်နိုင်အောင် ကူညီပေးပြီးနောက် လွန်ခဲ့တဲ့နှစ်နှစ်တုန်းက အန်ဖီးလ်မြေမှ ထွက်ခွာလာခဲ့ပါတယ်။
မာဆေးဆိုဒ်မြေမှာ ရှစ်နှစ်ခွဲကြာဖြတ်သန်းခဲ့ချိန်အတွင်း ကလော့ပ်က လီဗာပူးအသင်းကို ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖလား ရယူပေးနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်မှာလည်း ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ပါတယ်။
ဒေါ့မွန်နည်းပြဟောင်းရဲ့နေရာကို အန်းစလော့အစားထိုးဝင်ရောက်လာခဲ့ပြီး ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ စွမ်းဆောင်ရည်ပိုင်းကျဆင်းမှုနဲ့အတူ ပရိသတ်အများစုရဲ့ဆန့်ကျင်မှုနဲ့ လူသိရှင်ကြားရင်ဆိုင်ခဲ့ရပါတယ်။
အမှတ်ပေးဇယားပဉ္စမနေရာနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပေမဲ့ အန်းစလော့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကလပ်အသင်းဘက်က အပြောင်းအလဲပြုလုပ်ရန် ရွေးချယ်ခဲ့ပါတယ်။
သူတို့တွေက ဘုန်းမောက်အသင်းကို ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးပြီးနောက် အသင်းမှထွက်ခွာခဲ့တဲ့ အီရီအိုလာကို ခေါ်ယူခွင့်ရမယ့်အခွင့်အရေးအပေါ် 'လက်လွှတ်မခံသင့်တဲ့ အခြေအနေ' အဖြစ် ရှုမြင်ခဲ့ကြပြီး လတ်တလောမှာ စပိန်သားကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါပြီ။
"အန်းစလော့ထွက်ခွာသွားရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ အကဲဖြတ်ပေးနိုင်မယ့် အခြေအနေမျိုး ကျွန်တော့်မှာ မရှိပါဘူး။ သူတို့တွေချန်ပီယံဖြစ်ခဲ့ချိန် ကျွန်တော် အရမ်းပျော်ခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာ ဘာတွေ မှားယွင်းသွားခဲ့လဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး" လို့ ကလော့ပ်က ESPN သို့ ပြောကြားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရာသီအပေါ် ဘယ်သူမှ မကျေနပ်ကြပါဘူး။ ဒါ ထင်ရှားပေမဲ့ သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ အခုအခါမှာတော့ အန်းစလော့လိုပဲ တကယ့်ကိုထူးချွန်တဲ့နည်းပြတစ်ဦးဖြစ်တဲ့ အီရာအိုလာနဲ့အတူ ခရီးစဉ်သစ် ပြန်လည်စတင်နိုင်ပါပြီ။ ဒါပေမဲ့ ဒါက အလုပ်ဖြစ်ဖို့တော့ လိုအပ်ပါတယ်"
"ရေရှည်အထိ အတူတကွ ဆက်သွားနိုင်ဖို့ လိုအပ်ပြီး ဒီအတွက်လည်း ကံတရား လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီလည်း အဆုံးသတ်သွားခဲ့ပြီဖြစ်လို့ အနာဂတ်ကို စောင့်ကြည့်သွားနိုင်ပါပြီ"လို့ ကလော့ပ်က ဆက်ပြောခဲ့ပါတယ်။
ကလော့ပ်က လီဗာပူးနည်းပြဘဝအဖွင့်ပွဲစဉ် ၁၁ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ကာ အကောင်းဆုံးစတင်နိုင်ခဲ့သလို အန်းစလော့ကလည်း ပထမဆုံး ၂၈ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့လို့ အီရာအိုလာအတွက်တော့ ဖိအားတွေ ရှိနေပါလိမ့်မယ်။