ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ ယူနိုက်တက်ပစ်မှတ် ယိုမန်ဒီ
လာမယ့်နွေရာသီမှာ သူ့ကိုရောင်းထုတ်ဖို့ လိုက်ပ်ဇစ်အသင်းကို အတင်းအကျပ် တောင်းဆိုပြီး ဖိအားပေးမှာမဟုတ်ဘူးလို့ ရန်ဒီယိုမန်ဒီက အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ အိုင်ဗရီကို့စ် တောင်ပံကစားသမားလေးကို ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေကြတာပါ။
Bild နဲ့ အင်တာဗျူးမှာ အသက် ၁၉ နှစ်အရွယ် ကစားသမားလေးက "ကျွန်တော် တစ်ခုတော့ ကတိပေးနိုင်ပါတယ်၊ အဲဒါကတော့ အသင်းနဲ့ ဘယ်တော့မှ ပြဿနာတက်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ဒီမှာပဲ အဆုံးသတ်မှာတော့ မဟုတ်ပါဘူး။ အချိန်တန်ရင်တော့ ကျွန်တော်တို့ ဆွေးနွေးကြမှာပါ။ တကယ်လို့ ဒီနွေရာသီမှာ အသင်းမှာပဲ ဆက်ရှိနေခဲ့ရင်တောင် ကျွန်တော် အရမ်းကို ပျော်ရွှင်နေမှာပါ" လို့ ပြောခဲ့ပါတယ်။
အသင်းကြီး တော်တော်များများက ဒီယိုမန်ဒီကို မျက်စိကျနေကြပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဝန်းကျင်အထိ ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး တောင်ပံကစားသမားလေးက "အခုလိုမျိုး သတင်းတွေကြားရတာ ဝမ်းသာစရာပါပဲ။ ဒါပေမဲ့ ကျွန်တော် ဘိုင်ယန်ဘက်က ဘယ်သူနဲ့မှ စကားမပြောရသေးပါဘူး။ အခုက အဲဒီလိုပြောဖို့ အချိန်မဟုတ်သေးဘူးလေ။ လိုက်ပ်ဇစ်မှာ ကျွန်တော် ပျော်နေသလို လက်ရှိမှာလည်း အသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားချင်ပါတယ်" လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီယိုမန်ဒီဟာ မကြာသေးခင်ကပဲ ရီးရဲလ်ကြယ်ပွင့် ဗီနီစီးယပ်စ်ရဲ့ ဖိတ်ကြားချက်ကြောင့် သူနဲ့အတူ နှစ်ရက်လောက် အချိန်ဖြုန်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ အသင်းတွေအကြောင်းလည်း ပြောဖြစ်ခဲ့ကြတယ်၊ အဲဒီထဲမှာ ရီးရဲလ်မက်ဒရစ်လည်း ပါတာပေါ့" လို့ မကြာသေးခင်ကမှ လီဗာပူးအသင်းကို အားပေးကြောင်း ပြောကြားခဲ့ဖူးတဲ့ ဒီယိုမန်ဒီက ဆက်လက်ပြောကြားခဲ့ပါတယ်။