The network connection is lost.

Banner Image

ဂိုးသွင်းနိုင်ခဲ့ပေမယ့် သရေတစ်မှတ်သာရခဲ့လို့ စိတ်ကျေနပ်မှုမရှိကြောင်းဖွင့်ဟလာတဲ့ ဆက်စကို

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အချိန်ပို သွင်းဂိုးနဲ့အတူ လန်ဒန်ကွင်းကနေ သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ယူနိုက်တက်ကစားသမားတွေဟာ အကောင်းဆုံးပုံစံပြသဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးရဖို့လည်း အခက်တွေ့ခဲ့ပါတယ်။ နွေရာသီမှာမှ အသင်းကိုရောက်ရှိလာတဲ့ မားသီးယပ်စ်ကွန်ဟာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ဟာလည်း ဝက်စ်ဟမ်းရဲ့ ခံစစ်တံတိုင်းကို ဖောက်ထွက်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမဲ့ ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စကိုရဲ့ အနုစိတ်လှပတဲ့ အဆုံးသတ်ဂိုးကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဇယားရဲ့ အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

ဆက်စကိုဟာ ပွဲရလဒ်အပေါ် စိတ်ပျက်နေခဲ့တာပါ။ ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာတော့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးက ဂိုးသွင်းနိုင်ခဲ့လို့ ဝမ်းသာပေမဲ့ ရလဒ်အတွက်တော့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်အသင်းသားတွေဟာ အားစိုက်ထုတ်မှု (intensity) အားနည်းခဲ့တာက စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

"ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်၊ ဒါပေမဲ့ သရေကျခဲ့တဲ့အတွက်တော့ သိပ်မကျေနပ်မိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲဝင်ခဲ့ကြလို့ ဒီပွဲကို နိုင်သင့်တယ်လို့ ထင်ပါတယ်။ ကံမကောင်းတဲ့နေ့မျိုးတွေ ကြုံတတ်တာတော့ စိတ်မကောင်းစရာပါပဲ။ အားစိုက်ထုတ်မှုအပိုင်းမှာ လိုအပ်ချက်ရှိခဲ့ပေမဲ့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးမှာ သရေတစ်မှတ် ရခဲ့တာကလည်း တကယ့်ကို အရေးကြီးပါတယ်" လို့ ဆက်စကိုက ပြောပါတယ်။

အသင်းလိုက် စည်းစည်းလုံးလုံး ရှိခြင်း။ ပွဲပြီးခါနီးမှ ရင်ခုန်စရာကောင်းအောင် သွင်းယူခဲ့တဲ့ ဂိုးဖြစ်လို့ အဝေးကွင်းကို လာရောက်အားပေးတဲ့ ပရိသတ်တွေအတွက်တော့ နိုင်ပွဲရသလိုမျိုး ခံစားခဲ့ရမှာပါ။ လိုက်ပ်ဇစ်တိုက်စစ်မှူးဟောင်း ဆက်စကိုက မိုက်ကယ်ကားရစ် လက်ထက်မှာ ကစားသမားတွေအကြားက စည်းလုံးမှုနဲ့ အသင်းလိုက် လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်တွေက အသင်းကို အကျိုးပြုနေတယ်လို့ ဆိုပါတယ်။

"ဘာတွေပဲဖြစ်နေပါစေ ကျွန်တော်တို့ အတူတူ ကြိုးစားနေကြပါတယ်။ အမှတ်လျော့နေတာပဲဖြစ်ဖြစ်၊ အသာစီးရနေတာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြဲတမ်း တိုက်ပွဲဝင်နေမှာပါ။ ခုနက ပြောခဲ့သလိုပဲ ဒီနေ့ပွဲက ခက်ခဲခဲ့လို့ ဒီသရေတစ်မှတ်က အရေးကြီးပါတယ်။ သူတို့တွေက ဘောလုံးရရင် တန်ပြန်တိုက်စစ်နဲ့ တော်တော်လေး အန္တရာယ်ပေးနိုင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ခံစားချက် တကယ်ကောင်းပါတယ်။ အခက်အခဲတွေ ကြုံလာရင်လည်း အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့အချက်ဖြစ်သလို အခုလို ရလဒ်တွေရအောင်လည်း ကူညီပေးတာပါ" လို့ သူက ရှင်းပြပါတယ်။

နိုင်ပွဲလမ်းကြောင်းပေါ် ပြန်တက်နိုင်ဖို့။ နောက်နှစ်ပတ်မှာ ပြန်လည်ကစားရမယ့် ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ပြန်ရဖို့အတွက် အားအင်တွေနဲ့ အာရုံစိုက်မှုတွေ ပိုပြီး လိုအပ်လာမယ်လို့ ဆလိုဗေးနီးယား လက်ရွေးစင်ကစားသမားက ဆိုပါတယ်။

"ပြီးခဲ့တဲ့ ပွဲတွေတုန်းကလိုပဲ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားရပါမယ်။ ကွင်းထဲမှာ တစ်ယောက်အတွက် တစ်ယောက် အမြဲရှိနေပေးရမယ်ဆိုတာကို စိတ်ထဲမှာ မှတ်ထားရပါမယ်။ ပွဲရဲ့ အခြေအနေတိုင်း၊ စက္ကန့်တိုင်းမှာ အာရုံစိုက်နေဖို့ လိုသလို အခွင့်အရေးရလာရင်လည်း အပိုင်အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ်" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။