လူငယ်ကြယ်ပွင့် ဟွမ် ဟာနန်ဒက်ဇ်ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ အနာဂတ်အားကိုးရမယ့် လူငယ်ကွင်းလယ်ကစားသမား ဟွမ် ဟာနန်ဒက်ဇ်ကို အသင်းမှာ ဆက်လက်ရှိနေစေဖို့အတွက် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိ အာရာဂွန်ကွင်းလယ်လူဟာ အသင်းနဲ့အတူ ၂၀၂၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းရှိမယ့် နှစ်နှစ်စာချုပ်ကို သက်တမ်းတိုးခဲ့တာဖြစ်ကြောင်း စနေနေ့မှာ ဘာစီလိုနာဘက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပါ။
အခုချုပ်ဆိုခဲ့တဲ့ သဘောတူညီမှုအသစ်မှာ နှစ်ဖက်သဘောတူညီချက်အရ စာချုပ်သက်တမ်းကို နောက်ထပ် တစ်နှစ် ထပ်မံတိုးမြှင့်နိုင်မယ့် အခွင့်အရေးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဟွမ် ဟာနန်ဒက်ဇ်ဟာ နည်းပြ ဟန်ဆီ ဖလစ်ခ် အကြိုက်တွေ့ဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး စီနီယာအသင်းကြီးရဲ့ လူစာရင်းမှာ အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရပေမယ့်လည်း အသင်းအတွက် ပွဲဦးထွက်ကစားခွင့်တော့ မရရှိသေးပါဘူး။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့လက လူငယ်ကြယ်ပွင့် ဒရို ဖာနန်ဒက်ဇ်ကို ပီအက်စ်ဂျီအသင်းဆီ လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ဟာနန်ဒက်ဇ်ကို အသင်းမှာပဲ အခိုင်အမာ ဆက်ထိန်းထားနိုင်ဖို့အတွက် အခုလို လျင်လျင်မြန်မြန် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။