The network connection is lost.

Banner Image

ဘာစီလိုနာရဲ့ အမာခံနောက်ခံလူ ဂျူးလက်စ်ကွန်ဒီကို အရခေါ်ယူဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပစ်မှတ်ထားနေ

မန်ချက်စတာစီးတီး အသင်းရဲ့ နည်းပြဖြစ်သူ ပက် ဂွါဒီယိုလာဟာ ဘာစီလိုနာ အသင်းရဲ့ အားကိုးရတဲ့ နောက်ခံလူ ယူးလ် ဂျူးလက်စ်ကွန်ဒီကို ခေါ်ယူပြီး သူ့ရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် ကွန်ဒီဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲအထိ ပါဝင်ကစားပေးထားပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် တည်ရှိနေတာပါ။

ဒါပေမဲ့လည်း ကွန်ဒီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပြသခဲ့တဲ့ ခြေစွမ်းကောင်းမျိုး ပြန်ရဖို့ ရုန်းကန်နေရပြီး လတ်တလော ပွဲစဉ်အချို့မှာ ပုံစံကောင်း ပျောက်ဆုံးနေတာကြောင့် ဝေဖန်မှုအချို့နဲ့လည်း ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။

စပိန်အခြေစိုက် ဖီချာဟေးစ် သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ အဆိုပါ ပြင်သစ် နောက်ခံလူကို ပရီမီယာလိဂ် မြေဆီ အရခေါ်ဆောင်သွားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာ အသင်းဘက်ကလည်း အရင်ကထက်စာရင် ကွန်ဒီကို ရောင်းချဖို့ ပိုမိုပွင့်လင်းတဲ့ သဘောထားမျိုး ရှိလာပြီလို့ သိရပါတယ်။

ဒါပေမဲ့လည်း ဘာစီလိုနာ အသင်းအနေနဲ့ ကွန်ဒီကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ဝန်းကျင်အထိ အလိုရှိနေတာကြောင့် မန်စီးတီးဘက်က ဒီပမာဏကို ပေးချေနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။