အက်သလက်တီကိုနဲ့ပွဲအမီ ပြန်လာနိုင်ဖို့ တစ်ကိုယ်တော်လေ့ကျင့်ရေးတွေပြုလုပ်နေတဲ့ ရာဖင်ဟာ
ဘာစီလိုနာအသင်းဟာ ယမန်နေ့ညက စပေါ်တီဖိုင်း နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ မယော့ကာအသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လိဂ်ဇယားထိပ်မှာ အမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒီပွဲကို လွဲချော်ခဲ့တဲ့ အဓိက ကစားသမားကတော့ အသင်းခေါင်းဆောင် ရာဖင်ဟာ ဖြစ်ပါတယ်။ သူဟာ အယ်ချီနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကနေ အခုထိ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးပါဘူး။
ရာဖင်ဟာအနေနဲ့ အခုဆိုရင် အသင်းအတွက် နှစ်ပွဲဆက်တိုက် လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာက အဆိုပါနှစ်ပွဲလုံးမှာ အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့ပေမယ့် အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ ရာဖင်ဟာရဲ့လွှမ်းမိုးမှု ပျောက်ဆုံးနေတာကိုတော့ ငြင်းလို့မရပါဘူး။
မွန်ဒို ဒီပို့တီဗိုရဲ့ နောက်ဆုံးရသတင်းအရ မယော့ကာနဲ့ပွဲအပြီး ဒီနေ့ပြုလုပ်တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ရာဖင်ဟာဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဘရာဇီးလ်တောင်ပံကစားသမားဟာ အမြန်ဆုံး ကြံ့ခိုင်မှုပြည့်ဝလာစေဖို့အတွက် ကွင်းအတွင်း သီးသန့်လေ့ကျင့်ခန်းတွေကိုသာ ဆောင်ရွက်နေတာပါ။ ဘာစီလိုနာအသင်းဟာ လာမယ့်ကြားရက်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ အရေးကြီးတဲ့ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
လက်ရှိအခြေအနေအရ လိဒ်ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရာဖင်ဟာအနေနဲ့ လာမယ့် ကြာသပတေးနေ့မှာ ကစားမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်လာဖို့ အခွင့်အရေးရှိနေပြီး အခုလုပ်ဆောင်နေတဲ့ သီးသန့်လေ့ကျင့်ခန်းတွေဟာ အဆိုပါပွဲအမီ အဆင်သင့်ဖြစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းသားတွေကို တနင်္လာနေ့မှာ အနားပေးထားမှာဖြစ်ပြီး အင်္ဂါနေ့ကျမှသာ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းနဲ့ ရင်ဆိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပြန်လည်စတင်မှာပါ။ ရာဖင်ဟာအနေနဲ့ အဆိုပါနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်မလားဆိုတာက သူပြန်လာနိုင်မယ့် အခြေအနေအတွက် အဆုံးအဖြတ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ရာဖင်ဟာဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် လိဂ်ပွဲ ၁၄ ပွဲ ပါဝင်ကစားပေးထားပြီး ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘရာဇီးကြယ်ပွင့်ဟာ ဒီရာသီမှာ ဒဏ်ရာအသေးစားလေးတွေ ခဏခဏ ကြုံတွေ့နေရတာကြောင့် ခြေစွမ်းပုံမှန်ပြသနိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။
ရာသီရဲ့ အဆုံးအဖြတ်ကာလတွေဆီ ချဉ်းကပ်လာတာနဲ့အမျှ ရာဖင်ဟာရဲ့ ကြံ့ခိုင်မှုအခြေအနေဟာ နည်းပြ ဟန်ဆီ ဖလစ် အတွက်တော့ အထူးအာရုံစိုက် စိုးရိမ်ရမယ့် အချက်တစ်ခုလည်း ဖြစ်နေပါတယ်။