လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲလ်မက်ဒရစ် အကြီးအကျယ်အားဖြည့်ပြင်ဆင်လိမ့်မယ်လို့ ရိုမာနိုအတည်ပြု
စပိန်လာလီဂါပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက နိုင်ပွဲတချို့ ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပေမဲ့ အသင်းရဲ့ နောက်ဆုံးခြေစွမ်းတွေအပေါ် စီမံခန့်ခွဲမှုပိုင်း တာဝန်ရှိသူတွေကြားမှာ သံသယတွေ ရှိနေဆဲဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘင်ဖီကာအသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အရေးနိမ့်ခဲ့သလို၊ လာလီဂါပွဲစဉ်ဖြစ်တဲ့ ရာယိုဗယ်လီကာနိုနဲ့ပွဲစဉ်မှာလည်း ကိုင်လီယန် ဘာပေရဲ့ နောက်ကျပင်နယ်တီကြောင့်သာ နှစ်ဂိုး-တစ်ဂိုးနဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့တာပါ။
ဒီလိုရလဒ်ပိုင်းအားနည်းချက်တွေကြောင့် နည်းပြအာဘီလိုအာအပေါ် ဖိအားတွေရှိလာနေပြီး အသင်းတာဝန်ရှိသူတွေကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် အင်အားဖြည့်တင်းဖို့ ပိုမိုစိတ်အားထက်သန်နေကြပါတယ်။
ကမ္ဘာကျော်အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုကတော့ ၂၀၂၆ ခုနှစ် နွေရာသီကို ဦးတည်မယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့မူဝါဒတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်းစကားတစ်ခုကို ပါးလိုက်ပါတယ်။
အီတလီသတင်းထောက်ရိုမာနိုရဲ့အဆိုအရ "လော့စ် ဘလန်ကို့စ်" လို့ လူသိများတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့လှုပ်ရှားမှုကြီးတစ်ခုကို ဖန်တီးပြီး အသင်းအတွက် လိုအပ်နေတဲ့နေရာတွေကို အင်တိုက်အားတိုက်ဖြည့်တင်းသွားမယ်လို့ သိရပါတယ်။
အထူးသဖြင့် ရီးရဲလ်မက်ဒရစ်က ခံစစ်ပိုင်းကို အဓိကထားအားဖြည့်ဖို့ ပြင်ဆင်နေပြီး အသင်းရဲ့ ကင်းထောက်ချုပ်ဂျူးနီကာလာဖတ်ကိုယ်တိုင် ဘွန်ဒက်လီဂါကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရှလော့တာဘတ်ချ်နဲ့ လူကီဘာတို့ကို အနီးကပ်စောင့်ကြည့်နေပါတယ်။
အလာဘာက အသင်းမှထွက်ခွာဖို့ ရှိနေသလို၊ ရူဒီဂါရဲ့ အနာဂတ်ကလည်း မသေချာတာကြောင့် ခံစစ်ပိုင်းကို အဆင့်မြှင့်တင်ဖို့က ရီးရဲလ်အတွက် အဓိကဦးစားပေးဖြစ်လာတာလို့ ရိုမန်နိုက ဆိုပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်ပိုင်းကိုလည်း ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အသင်းအနေနဲ့ တိုနီခရူးစ်နဲ့မိုဒရစ်တို့ရဲ့နေရာကို အစားထိုးနိုင်ဖို့ ရုန်းကန်နေရတာ အထင်အရှားတွေ့မြင်နေရပါတယ်။
ဒါကြောင့်လည်း ကွင်းလယ်မှာ ကစားကွက်ကို စိတ်ကြိုက်ထိန်းကျောင်းနိုင်မယ့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦး အလိုရှိနေပြီး လက်ရှိမှာတော့ ကီးစ်စမစ်နဲ့ ဝါတန်တို့လို ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။