အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ဂိုးသမား ဂျိမ်းစ်ထရပ်ဖို့ဒ်ကို ပွဲထွက်ခိုင်းမယ်လို့ ဂွါဒီယိုလာ အတည်ပြု
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဂိုးသမား ဂျိမ်းစ်ထရပ်ဖို့ဒ်ကို ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။
ဒါဟာ နည်းပြဂွါဒီယိုလာ လက်ထက် ၁၀ နှစ်တာကာလအတွင်း မန်စီးတီးအသင်းအတွက် ငါးကြိမ်မြောက် ကာရာဘောင်းဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
နွေရာသီက ဘန်လေအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ထရပ်ဖို့ဒ်ဟာ ရာသီအစမှာ မန်စီးတီးရဲ့ ပထမဦးစားပေးဂိုးသမားအဖြစ် တာဝန်ယူခဲ့ရတာပါ။
ဒါပေမဲ့ အီတလီလက်ရွေးစင်ဂိုးသမား ဂျန်လူဝီဂျီဒွန်နာရမ်မာ ရောက်ရှိလာပြီးနောက်ပိုင်းမှာတော့ ထရပ်ဖို့ဒ်ဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေနဲ့ ဘေယန်လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာသာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးမှာတော့ ထရပ်ဖို့ဒ်က ပွဲထွက်ကစားခဲ့ပြီး အထူးသဖြင့် ဒုတိယအကျော့မှာ နယူးကာဆယ်ရဲ့ ထိုးဖောက်မှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ဂွာဒီယိုလာရဲ့ အထူးချီးကျူးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
"သူဟာ ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော် အစကတည်းက ပြောခဲ့ပါတယ်။ သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိနေပြီး အခုလာမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ သူ ပွဲထွက်ကစားရမှာပါ" လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
လာမယ့် မတ်လ ၂၂ ရက်နေ့မှာ ဝမ်ဘလေကွင်းမှာ ကစားမယ့် ဗိုလ်လုပွဲမှာ ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်ဟာ လက်ရှိဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်တယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။
"၁၀ နှစ်အတွင်း ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ၅ ကြိမ်တက်နိုင်တာဟာ တကယ်ကို ကောင်းမွန်တဲ့ ရလဒ်ပါ။ ပြီးခဲ့တဲ့ရာသီကလွဲရင် ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲမှာ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ဒါ့အပြင် အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီး "လက်ရှိအချိန်မှာ အာဆင်နယ်ဟာ ဥရောပ ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းလို့တောင် ပြောလို့ရပါတယ်။ သူတို့ရဲ့ ကစားပုံနဲ့ စာရင်းဇယားတွေက ဒါကို သက်သေပြနေတာပါ" လို့လည်း ဖွင့်ဟခဲ့ပါတယ်။
ဗိုလ်လုပွဲရောက်ဖို့အတွက် ၁၈၀ မိနစ်ကြာ တသမတ်တည်း ကောင်းမွန်စွာ ကစားနိုင်ခဲ့ရသလို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကိုလည်း ကျေနပ်မိကြောင်း ဂွါဒီယိုလာက ဆိုပါတယ်။
မတ်လမှာ ကစားမယ့် ဗိုလ်လုပွဲစဉ်ကို ကစားသမားတွေအားလုံး ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ ပွဲကောင်းတစ်ပွဲ ဖန်တီးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း မန်စီးတီးနည်းပြက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။