ဝါဒါဘရီမင်အသင်း၏ နည်းပြသစ်အဖြစ် ဒန်နီယယ်သီအွန်းကို တရားဝင်ခန့်အပ်
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ်အသင်း ဝါဒါဘရီမင်အသင်းဟာ သူတို့ရဲ့ နည်းပြသစ်အဖြစ် ဒန်နီယယ်သီအွန်းကို တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြသစ် သီအွန်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး သူဟာ မကြာခင်ကမှ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဟော့စ်စတက်ဖန်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။
ဝါဒါဘရီမင်ရဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးဆိုင်ရာ စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်သူ ကလီမန်းဖရစ်ဇ်ကတော့ သူတို့အနေနဲ့ သီအွန်းနဲ့ အကောင်းဆုံးဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ ဒန်နီယယ်နဲ့ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးအပေါ်ထားတဲ့ အမြင်တွေ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ လက်ရှိအသင်းရဲ့ အားကစားဆိုင်ရာ အခြေအနေအပေါ် ကိုင်တွယ်ဖြေရှင်းမယ့် ပုံစံတွေက ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အတွက် အဓိကကျခဲ့ပါတယ်" လို့ ကလီမန်းဖရစ်ဇ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် "သူနဲ့အတူ အသင်းရဲ့ အခြေအနေကို အကောင်းဘက်ဆီ ပြန်ဦးလှည့်နိုင်မယ်လို့လည်း ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်" လို့ ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
နည်းပြ သီအွန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖော်တူနာဒပ်ဆဲလ်ဒေါ့ဖ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေခဲ့သူ ဖြစ်ပါတယ်။
နည်းပြသစ် သီအွန်းကလည်း "ကျွန်တော် အသင်းနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အရမ်းကို စိတ်အားထက်သန်နေသလို ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ကလပ်အသင်းရဲ့ပန်းတိုင်တွေဆီ ရောက်ရှိအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။
"တာဝန်ရှိသူတွေနဲ့ အကောင်းဆုံးဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ဝါဒါဘရီမင်အသင်းကို လာရောက်ဖို့ ကျွန်တော့်ဘက်က ချက်ချင်းပဲ ဆုံးဖြတ်နိုင်ခဲ့ပါတယ်" လို့ သီအွန်းက ပြောကြားခဲ့ပါတယ်။