ဘာစီလိုနာရဲ့ အပြောင်းအရွှေ့လုပ်ငန်းစဉ်တွေအပေါ် အားရကျေနပ်မိကြောင်း ပြောကြားလာတဲ့ ဟန်ဆီဖလစ်
ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဟန်ဆီဖလစ်က မန်ချက်စတာယူနိုက်တက်မှ အသင်းသို့ အငှားနဲ့ လာရောက်ကစားနေတဲ့ မာကပ်စ်ရပ်ရှ်ဖို့ဒ်အနေနဲ့ သူ့ရဲ့ခြေစွမ်းကို နောက်ထပ်တစ်ဆင့် မြှင့်တင်နိုင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းလိုက်ပြီး အသင်းရဲ့ လက်ရှိအပြောင်းအရွှေ့လုပ်ငန်းစဉ်တွေအပေါ်မှာ အားရကျေနပ်မိကြောင်း ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူမယ့် အလားအလာတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဖလစ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။ ဒါ့အပြင် သူက အသင်းရဲ့ ခံစစ်ကစားသမားတစ်ဦးကို ချီးကျူးခဲ့သလို ဇန်နဝါရီ အပြောင်းအရွှေ့အပေါ်မှာလည်း သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ဂျာအိုကန်ဆယ်လို တစ်ဦးတည်းကိုသာ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဖလစ်က ဗဟိုနောက်ခံလူတစ်ဦး ထပ်မံခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်မလာခဲ့ပေမယ့် အသင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။
"လက်ရှိ အခြေအနေအပေါ် ကျွန်တော်တို့ အဆင်ပြေပါတယ်။ ဒရို အသင်းက ထွက်ခွာသွားတာကို သဘောမကျပေမဲ့ ကျွန်တော် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒါက ဘောလုံးလောကရဲ့ စီးပွားရေးဆန်တဲ့ သဘောသဘာဝပါပဲ" လို့ ဖလစ်က ပြောပါတယ်။
အသင်းမှာ ကစားသမားတိုင်း အကောင်းဆုံး ပုံစံရှိနေမယ်ဆိုရင် ပွဲထွက်လူစာရင်း ရွေးချယ်ဖို့တောင် ခက်ခဲသွားမှာဖြစ်ကြောင်းနဲ့ ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကို ကောင်းကောင်း အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့တော့ ဘာစီလိုနာအသင်းမှာ ယူရို ၃၀ သန်းနဲ့ အပြီးသတ်ဝယ်ယူနိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ ဒါပေမဲ့ အသင်းဘက်က ဒီစျေးနှုန်းကို ထပ်မံညှိနှိုင်းဖို့ ကြိုးစားဖွယ်ရှိနေပြီး ဖလစ်ကတော့ အင်္ဂလန်တိုက်စစ်မှူးဆီကနေ အခုထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးကို မျှော်လင့်နေတာပါ။
"ရပ်ရှ်ဖို့ဒ်မှာ နောက်ထပ်ပြသဖို့ အလားအလာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့က ဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကိုပဲ အာရုံစိုက်ပြီး တိုင်းတာလေ့ရှိပေမဲ့ သူ့ရဲ့ မြန်နှုန်းနဲ့ နည်းစနစ်ပိုင်းအရ သူဟာ အသင်းအတွက် အခုထက်ပိုပြီး အများကြီး စွမ်းဆောင်ပေးနိုင်သူဖြစ်ပါတယ်" လို့ ဖလစ်က ဖွင့်ဟခဲ့ပါတယ်။
ကစားသမားတွေရဲ့ စိတ်နေစိတ်ထားနဲ့ လေ့ကျင့်ရေးအပေါ် ထားရှိတဲ့ သဘောထားဟာ အရေးကြီးကြောင်းနဲ့ လူတိုင်းကို အကောင်းဆုံးပုံစံမှာ ရှိနေစေချင်တယ်လို့လည်း နည်းပြက ဆိုပါတယ်။
တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်နဲ့ နေရာလုနေရတဲ့ ဖာရန်းတောရက်စ်ရဲ့ စာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်ရှိတော့တာပါ။ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်လို့တော့ ဖလစ်က ဒါဟာ အသင်းရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့ ကစားသမားတွေရှိပြီး အသင်းရဲ့ အငွေ့အသက်ကလည်း အရမ်းကောင်းပါတယ်။ ဖာရန်းတောရက်စ်ရဲ့ ကိစ္စကတော့ အသင်းရဲ့ အားကစားဒါရိုက်တာ ဒီကိုရဲ့ အလုပ်ဖြစ်ပါတယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။
တစ်ဖက်မှာလည်း နည်းပြ ဖလစ်က လူငယ်ကြယ်ပွင့် လာမင်းယာမယ်လ်ထက် ဘယ်နောက်ခံလူ အလီဂျန်ဒရိုဘယ်လ်ဒီရဲ့ ခြေစွမ်းကို ပိုမိုအသားပေး ချီးကျူးသွားခဲ့ပါတယ်။ ဘယ်လ်ဒီဟာ ဗဟိုရော ဘေးတောင်ပံမှာပါ အကောင်းဆုံး ကစားနိုင်သူဖြစ်ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ သင့်တော်သူဖြစ်တယ်လို့ ဆိုပါတယ်။